“ အားလုံး ရွေးကောက်ပွဲအတွက် ”

“ အားလုံး ရွေးကောက်ပွဲအတွက် ”

ကိုမျိုးသန့်ရေ

အခုဆိုရင် မီဒီယာတွေအားလုံး လာမယ့် ရွေးကောက်ပွဲအတွက် အစီအစဉ်မျိုးစုံ တင်ဆက်နေကြတဲ့ အကြောင်း ပြောပြချင်ပါတယ်။ ကျွန်တော် သိရသလောက် နိုင်ငံတကာ အဖွဲ့အစည်းမျိုးစုံ ဟာမြန်မာ့ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ဖြစ်စေဖို့ နည်းပေါင်းစုံနဲ့ ကူညီနေကြပါတယ်။ အဲဒီအထဲမှာ ငွေကြေး ကူညီနေတာလဲပါပြီး သတင်းမီဒီယာတွေကိုလည်း ကူညီ ထောက်ပံ့ကြပါတယ်။ ဘယ်မီဒီယာတွေ ဘယ်အဖွဲ့အစည်းတွေက ဘယ်လောက် အကူအညီရတယ် ဆိုတာကိုတော့ မသိပါဘူး။ တစ်ချို့ မီဒီယာတွေကတော့ ရွေးကောက်ပွဲအတွက် ဆိုပြီး ဘတ်ဂျက် ပိုသုံးတာလည်း ရှိသလို၊ ကိုယ့်ဖာသာကိုယ် ကိုယ့်အသိနဲ့ကိုယ် ရွေးကောက်ပွဲဆိုင်ရာ သတင်း၊ သတင်းဆောင်းပါးတွေကို ကြိုးစား တင်ဆက်နေကြတဲ့ မီဒီယာတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ ရန်ကုန်ရုံးခွဲမှာ ရွေးကောက်ပွဲ အထူးအစီအစဉ်အတွက် ရုပ်သံရိုက်ကူးရေး လုပ်ပါတယ်။ အစီအစဉ် တင်ဆက်သူက ဗွီအိုအေ ရန်ကုန်ရုံးခွဲ တာဝန်ခံဒေါ်ခင်စိုးဝင်း ဖြစ်ပြီး ကျွန်တော်နဲ့အတူ ဒေါက်တာ ခင်မောင်ညို၊ ဒေါက်တာ ရန်မျိုးသိန်းတို့ကတော့ ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့် လေ့လာသူတွေ၊ ကျွမ်းကျင်သူတွေ အနေနဲ့ ပါဝင်ကြပါတယ်။ တစ်ပိုင်းကို နာရီဝက်ကြာ တင်ဆက်မယ့် အဲဒီ အစီ အစဉ်ကို တစ်ပါတ်ကို နှစ်ကြိမ် ရိုက်ကူးပြီး ရေဒီယိုအနေနဲ့ရော ရုပ်သံအနေနဲ့ပါ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ၃ ယောက်ကတော့ ပင်တိုင် ပါဝင်သူတွေ ဖြစ်ပါလိမ့်မယ်။ မြေနီကုန်း ဒဂုံစင်တာ ဗွီအိုအေရုံးက စတူဒီယိုလေးဟာလည်း အခုရွေးကောက်ပွဲ အကြိုကာလမှ ပြင်ဆင်ထားတာပါ။ ရိုက်ကူးရေး ကင်မရာ အသစ် တွေဖြစ်သလို၊ ဆက်စပ် တည်းဖြတ်တဲ့ စက်ကလည်း အသစ်ပါ။ ဒီအစီအစဉ်ကို အောက်တိုဘာနဲ့ နိုဝင်ဘာ ၂ လ တိတိ ရိုက်ကူး တင်ဆက်မယ်လို့ သိရပါတယ်။ ဗွီအိုအေ မြန်မာပိုင်းဟာ ရုပ်သံထုတ်လွှင့်မှုကို လုပ်နေတာတော့ ကြာပါပြီ။ ကျွန်တော်တို့ ဆီမှာတော့ ၈ ပေ စလောင်းလို့ခေါ်တဲ့ ဂြိုလ်တု စလောင်းဖမ်းစက်နဲ့မှ ဖမ်းယူကြည့်ရှုလို့ ရနိုင်မှာပါ။ အခုဆိုရင် ဗွီအိုအေဟာ ရုပ်သံ အစီအစဉ်တွေကို တိုးချဲ့ ထုတ်လွှင့်နေတယ်လို့ ဆိုပါတယ်။

နောက်ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့ အဲလို ရွေးကောက်ပွဲ အစီအစဉ်တစ်ခု ရေဒီယို ဖရီးအေးရှား RFA ရဲ့ ရန်ကုန်ရုံးခွဲမှာ သွားပြီး ရိုက်ကူးခဲ့ပါသေးတယ်။ ဒီအစီအစဉ်ဟာ RFA အတွက် စာရေးဆရာမ မသီတာ (စမ်းချောင်း)နဲ့ ကိုမျိုးမြင့်ငြိမ်းတို့က ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။ ထုတ်လုပ်သူတွေက တဆင့် ကျွန်တော်၊ ၈၈ ငြိမ်းပွင့်က ကိုဂျင်မီ၊ နောက် နိုင်ငံရေး ညာရှင် ဒေါ်ခင်မမမျိုးတို့ကို ခေါ်ယူပြီး အစီအစဉ်ကို ရိုက်ကူးတာပါ။ အဲဒီမှာ တော့ ကျွန်တော်က moderator အဖြစ် တာဝန်ယူ ရပါတယ်။ ဆွေးနွေးရမယ့် ခေါင်းစဉ်ကတော့ လာမယ့် ရွေးကောက်ပွဲမှာ လူကိုရွေးမလား၊ မူကိုရွေးမလား၊ တစ်နည်းပြောရရင် လူကိုရွေးမလား၊ ပါတီကို ရွေးမလားဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ ဒီအစီအစဉ်ဟာ အာရ်အက်ဖ်အေအတွက် အသစ်ဖြစ်ပြီး မသီတာနဲ့ ကိုမျိုးမြင့်ငြိမ်းတို့ကနေ အာရ်အက်ဖ်အေအတွက် ထုတ်လုပ်ပေးမယ့် ပထမဦးဆုံး အစီအစဉ်လည်း ဖြစ်ပါတယ်။

ကိုမျိုးသန့်ရေ

အစီအစဉ်ကို အာရ်အက်ဖ်အေ ရုံးချုပ်မှာ သွားပြီး ရိုက်ကူးရတာပါ။ ရုံးမှာ ရုပ်သံ ရိုက်ကူးလို့ရတဲ့ စတူဒီယို ကလည်း အသစ်စက်စက်၊ စက်တွေကလည်း အသစ်တွေပါ။ ရွေးကောက်ပွဲအမီပြင်ဆင်ဖြည့် ဆည်းထားပုံ ရပါ တယ်။ ဒီအစီအစဉ်ကို ထုတ်လုပ်သူ မသီတာနဲ့ ကိုမျိုးမြင့်ငြိမ်းတို့က လူအပြောင်းအလဲ လုပ်ပြီး ဆက်ထုတ်လုပ် သွားမယ်လို့ သိရပါတယ်။ အာရ်အက်ဖ်အေကလည်း ဗွီအိုအေနည်းတူပဲ ရုပ်သံ ရိုက်ကူး ထုတ်လွှင့်နေတာ ကြာပါ ပြီ။ ပြည်တွင်းမှာတော့ ထုတ်လွှင့်ခွင့် မရသေးပါဘူး။ ဒီအတွက် ၈ ပေစလောင်းကနေပဲ တစ်နေ့ တစ်နာရီစာ ထုတ်လွှင့််နေတာပါ။ နောင် ဒီထက် မီဒီယာ လွတ်လပ်ခွင့် ရလာရင်တော့ ပြည်တွင်းမှာ လွှင့်ထုတ်ဖို့ လုပ်ကိုင်လာ မယ့် အနေအထား ရှိပါတယ်။

နောက် ဗုဒ္ဓဟူးနေ့မှာတော့ ပုံမှန်အတိုင်း ဒီဗွီဘီ ရုပ်သံဌာနအတွက် ရွေးကောက်ပွဲ အစီအစဉ် သွားပြီး ရိုက်ကူးပေးရပါတယ်။ အဲဒီ အစီအစဉ်က လွှင့်နေတာ ကြာပါပြီ။ စဉ်းစဉ်းစားစား မဲတစ်ပြား အစီအစဉ် ပါ။ အစီအစဉ်နဲ့ ပါတ်သက်ပြီး ဒီဗွီဘီ သတင်းထောက်တွေက ခေါင်းစဉ် တစ်ခုအောက်မှာ Reporting ကြိုတင် လုပ်ထားကြ ပါတယ်။ အဲဒီလို သတင်းတင်ဆက်ပြီး နောက်ဆုံးကျမှ အကြောင်းအရာခေါင်း စဉ်နဲ့ ပတ်သက်လို့ ကျွန်တော့်ကို ကိုမျိုးသာထက်က အင်တာဗျူးလုပ်တာ ဖြစ်ပါတယ်။ အင်တာဗျူးချိန်ကတော့ ခပ်တိုတိုပါပဲ။ ၅ မိနစ်စာပါ။ အခု နောက်ဆုံး ရိုက်ကူးတာ ကရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးဆို တဲ့ခေါင်းစဉ်နဲ့ပါ။ ရိုက်ကူးရေးကို အပါတ်စဉ် ဗုဒ္ဓဟူးနေ့ တိုင်း လုပ်တာဖြစ်ပြီး ကျွန်တော်နဲ့ ဒေါက်တာ ရန်မျိုးသိန်း တစ်လှည့်စီ ဖြေပေးရပါတယ်။

ဒီဗွီဘီ အစီအစဉ်တွေကို တော့ ၈ ပေ စလောင်းတင်မက အခုနောက်ပိုင်း ထိုင်းကနေ ဝင်လာတဲ့ ၂ ပေ လိမ္မော်ရောင်နဲ့ အနက်ရောင် စလောင်း ဖမ်းစက်တွေကနေ ဖမ်းယူ ကြည့်ရှုနိုင်ပါတယ်။ အဲဒီ ၂ ပေ စလောင်းတွေဟာ ကျပ်ငွေ ၃-၄ သောင်း လောက်ပဲ ပေးရပြီး ဈေးသက်သာတဲ့အတွက် မြို့မှာရော ကျေးလက်မှာပါ ပြည်သူတွေ အတော်များများ ဖမ်းယူ ကြည့်ရှုတာ တွေ့ရပါတယ်။

ကျွန်တော့် အနေနဲ့ကတော့ ကျွန်တော် သိထားတာတွေကို ရေဒီယို၊ ရုပ်သံကနေတဆင့် ပြည်သူတွေ သိအောင် ပြောပြခွင့် ရသလို၊ မီဒီယာပေါင်းစုံက ခေါ်လို့၊ မီဒီယာပေါင်းစုံနဲ့ အလုပ်လုပ်ရတဲ့ အတွက် လည်း ဗဟုသုတတွေ အများကြီး ရပါတယ်။ သတင်းတွေလည်း အများကြီး ရပါတယ်။ တစ်ခုတော့ ပြောပြရဦးမယ်။ ဒီ့မတိုင်ခင် တုန်းကလည်း MRTV-4, မန္တလေး အက်ဖ်အမ်နဲ့ စကိုင်းနက်က ခေါ်လို့ ရိုက်ကူး အသံလွှင့်ပေးတာမျိုးတော့ လုပ်ပေး ခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် ယေဘူယျအားဖြင့် ကျွန်တော့်ကို အဲလို ရေဒီယို၊ ရုပ်သံ အစီအစဉ်အတွက် ခေါ်ယူ အသုံးပြုသူတွေဟာ ပြည်ပအခြေစိုက် လွတ်လပ်တဲ့ မီဒီယာတွေချည်းပဲ ဖြစ်ကြောင်းပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags