အောက်စည်းက ပြိုင်ရမည့် ရွေးကောက်ပွဲ

အောက်စည်းက ပြိုင်ရမည့် ရွေးကောက်ပွဲ

လာမည့် နိုဝင်ဘာ ၈ တွင် ကျင်းပမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် တစ်လကျော်သာ အချိန် ကျန်တော့သည်။ ပြည်သူ မလိုလားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အထိုင်ပေါ်က ကျင်းပမည့် ရွေးကောက်ပွဲ ဖြစ်ပြီး၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများကလည်း ကောင်းသလိုလိုနှင့် ဖောင်းနေသောအခါ ၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် မလွတ်လပ်မှုနှင့်အတူ မမျှတမှုများ ရှိနေသည်ကို တွေ့ရသည်။

ပွင့်ပွင့်လင်းလင်း ဆိုရသော် အတိုက်အခံ ဒီမိုကရေစီ အင်အားစုများအနေနှင့် အထူးသတိထားပြီး ယှဉ်ပြိုင်ကြ ရမည့် ရွေးကောက်ပွဲ ဖြစ်သည်။ တစ်နည်း အောက်စည်းက ပြိုင်ရမည့်ရွေးကောက်ပွဲဖြစ် သည်။ မှားယွင်း ချွတ်ချော် သော မဲစာရင်းများကို အကြိမ်ကြိမ် ထုတ်ပြန်ခဲ့သော်လည်း အသက် ၁၈ ပြည့်ပြီး နိုင်ငံသားများထဲမှ ပါသင့်သူများ မပါခြင်း၊ ကွယ်လွန်ပြီးသူများ အပါအဝင် မပါသင့်သူများ ပါနေခြင်းနှင့် အပိုအမည်စာရင်းများ ပါနေခြင်းစသည့် များစွာ သော စိတ်မသက်သာဖွယ် အမှားများကို တွေ့ရသည်။

ပြည်သူ့ ကိုယ်စားလှယ်လောင်းများအဖြစ် ရွေးချယ်ခံပိုင်ခွင့်တွင်လည်း မမျှတမှုများကို များစွာတွေ့ရသည်။ ကိုယ်စားလှယ်လောင်း မွေးဖွားစဉ်က မိဘနှစ်ပါးနိုင်ငံသား မဖြစ်သေးပါက ကိုယ်စားလှယ်လောင်း အဖြစ်မှ ဖြုတ်ချ ခံရမည်ဟု ဥပဒေက အတိအလင်း ပြဋ္ဌာန်းထားသော်လည်း အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးမှ ကိုယ်စားလှယ်လောင်းဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့်မှာ ကိုယ်စားလှယ်လောင်းအဖြစ် ရှိနေဆဲ ဖြစ်သည်။

ရွေးကောက်ပွဲအတွက် တရားဝင် မဲဆွယ်စည်းရုံးရေး ရက်ပေါင်း ၆၀ အတွင်းတွင်လည်း ချိုးဖောက်မှုများနှင့် တရားမဲ့ ပြုကျင့်မှုများ ရှိပါက ဥပဒေအရ အရေးယူနိုင်သော်လည်း လက်တွေ့တွင် အရေးယူမှုများ မတွေ့ရသေးဘဲ ကော်မရှင်နှင့် ရဲတပ်ဖွဲ့သည် ဘော်လီဘော ပုတ်နေသည်ကို သတင်းများတွင် ဖတ်မှတ် ကြားသိနေရသည်။

အောက်စည်းက ပြိုင်ရသော ရွေးကောက်ပွဲ ဖြစ်နေသည်မှာ မဲစာရင်းကိစ္စတွင် မဲဆန္ဒရှင် ပြည်သူများက ကိုယ်တိုင်ပါဝင် ဆောင်ရွက်မှသာ မဲပေးပိုင်ခွင့် ရှိမည့်သဘော ကော်မရှင်က ပြောဆိုထားသည်။ ထို့ပြင် မဲဆွယ် စည်းရုံးစဉ် တရားမဲ့ ပြုကျင့်မှုများနှင့် ပတ်သက်ပြီးလည်း အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) က ၎င်း၏ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များကို စိတ်ရှည်သည်းခံပြီး ရန်ကို ရန်ချင်း မတုံ့နှင်းရန်နှင့် ပဋိပက္ခများကို ရှောင်ရှား၍ ဥပဒေကြောင်းအရ ဆောင်ရွက်နိုင်ရေး မှတ်တမ်းမှတ်ရာသာ ရယူ ဆောင်ရွက်ထားကြရန် ကြေညာချက် ထုတ်ပြန် ပြောဆိုထားသည်။

အင်န်အယ်လ်ဒီသည် ရွေးကောက်ပွဲဝင်မည့် ပြည်သူ့ ကိုယ်စားလှယ်လောင်းများ ရွေးချယ်စဉ်ကတည်းက အထူးသတိထား ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ ကော်မရှင်၏ စိစစ်မှုကြောင့် ကိုယ်စားလှယ်လောင်းတစ်ဦး ဖြုတ်ချခံရတိုင်း အင်န်အယ်လ်ဒီသည် ရွေးကောက်ပွဲ မဝင်မီက ရှုံးနှင့်နေမည်ကို သိသောကြောင့် အထူးသတိထား ရွေးချယ်ခဲ့ရာ နိုင်ငံရေး အသိုင်းအဝိုင်းနှင့် မဲဆန္ဒရှင် ပြည်သူများကြားတွင် ဝေဖန်မှုများ အတော်လေး ညံခဲ့သည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၇ မှ ၆၃ အထိ ပြစ်မှုများ ကျူးလွန်ပါက တစ်နှစ်ထက်မပို သော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။ သို့ရာတွင် ပုဒ်မ ၆၄ တွင် ရွေးကောက်ပွဲ ပြစ်မှုများနှင့် စပ်လျဉ်း၍ လိမ်လည်စွပ်စွဲ တိုင်တန်းကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသောထောင် ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

ဆိုလိုသည်မှာ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများကို တိုင်တန်းနိုင်သော်လည်း လိမ်လည်သည်ဟု ဆုံးဖြတ်ခြင်း ခံရပါက မိမိတို့ဘက်မှ ပြန်လည် အရေးယူခံရမည် ဖြစ်သည်။ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြု ကျင့်ခြင်းများနှင့် ပတ်သက်၍ ခုံရုံးဖွဲ့ စစ်ဆေးခြင်း၊ အယူခံကို အပြီးအပြတ် ဆုံးဖြတ်ခြင်းကိုလည်း ကော်မရှင်ကပင် အခွင့်အာဏာ ရယူထားပါသည်။

သို့ဖြစ်ရာ ပြည်သူ့ ကိုယ်စားလှယ်လောင်းများသည် မဲဆန္ဒရှင် ပြည်သူများ၏ ထောက်ခံမဲ အများစုရရှိပြီး ရွေးကောက်ပွဲတွင် အနိုင်ရသည့်တိုင် ကွက်လပ်များ ရှိနေသည့် တည်ဆဲဥပဒေများမှ လွတ်လွတ် ကျွတ်ကျွတ် အောင်မြင်ရန်မှာ အခက်အခဲနှင့် အတားအဆီးများစွာ ရှိနေသဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် ပြည်သူ့ ကိုယ်စားလှယ်လောင်း စစ်စစ်မှန်မှန်များအတွက် အောက်စည်းက ပြိုင် ရမည့်သဘောဟု မဇ္ဈိမက ရှုမြင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags