ရိုက်နှက်ပြီး ယာယီချုပ်နှောင်ခဲ့သည့်ကုမ္ပဏီအား မြစ်ကြီးနားဂျာနယ်သတင်းထောက် တရားစွဲဆိုမည်

ရိုက်နှက်ပြီး ယာယီချုပ်နှောင်ခဲ့သည့်ကုမ္ပဏီအား မြစ်ကြီးနားဂျာနယ်သတင်းထောက် တရားစွဲဆိုမည်

မြစ်ကြီးနား၊ မတ်လ ၃ ရက် ။       ။       ကုမ္ပဏီရုံးခန်းသို့ခေါ်ကာ ရိုက်နှက်ပြီး ယာယီချုပ်နှောင်ခဲ့သည့်အပေါ် သက်သေများနှင့်တကွ တရားစွဲဆို သွားမည်ဟု မြစ်ကြီးနားဂျာနယ် သတင်းထောက် မမွန်းမွန်းပန်က မဇ္ဈိမသို့ ပြောသည်။

“ ကျွန်မကို ဒီမနက်ပဲ( မတ်လ ၁ ရက်) ရဲစခန်းက ခေါ်လို့ ဝိုင်းမော်မြို့မရဲစခန်းမှာပဲ ဒီသက်သေပစ္စည်းဖြစ်တဲ့ ကျွန်မအကျႌ၊ ပြီးရင် အဂျယ်( အမျိုးသားသတင်းထောက်)သူ ကိုယ်တိုင်ရိုက်ထားတဲ့ ကုမ္ပဏီအတွင်းမှာ ဖြစ်စဉ်တွေကို ရိုက်ထားတဲ့ ဓာတ်ပုံ ရှိတယ်။ ပြီးရင် အဲဒီ ကုမ္ပဏီ ရုံးခန်းရောက်တာနဲ့ သွင်းထားတဲ့ အသံဖိုင်ရှိပါတယ်။ အဲ့ဒါတွေကို သက်သေခံ အဖြစ် ရဲစခန်းမှာ အပ်ထားပါတယ်’’ ဟု မြစ်ကြီးနားဂျာနယ်သတင်းထောက် မမွန်းမွန်းပန်က မတ်လ ၁ ရက်က တွေ့ဆုံစဉ် ပြောသည်။

ဖေဖော်ဝါရီလ ၂၆ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြစ်ကြီးနားအပတ်စဉ်ထုတ်ဂျာနယ်တွင် ဖော်ပြခဲ့သည့် တစ်သျှူး ငှက်ပျောစိုက်ပျိုးမှုသတင်း မှားယွင်းသည်ဟုဆိုကာ သခင်စစ်သတ္တုကုမ္ပဏီမှ ရုံးခန်းသို့ ခေါ်ဆောင်ကာ အမျိုးသမီးသတင်းထောက်အား ပါးရိုက်ခြင်း၊ အမျိုးသားသတင်းထောက်အား ထိုင်ထ လုပ်ခိုင်းခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်မကို တံခါးမှာ လှမ်းဆွဲတုန်းက အဲ့ဒီအနွေးထည်လည်း ကြယ်သီးတွေ အကုန်ပြုတ်ထွက်သွားတာ။ ဒါပေမယ့် ကျွန်မ သတိမထားမိဘူးပေါ့ အဲ့အချိန်က။ ကျွန်မ အရမ်းချမ်းလာတဲ့အချိန်ကြမှပဲ ကျွန်မသတိရတာ။ အဲ့အချိန်က ကြောက်လွန်းလို့ တစ်ကိုယ်လုံးတုန်နေတဲ့အချိန်ကြတော့ ချမ်းလို့လားဆိုပြီး အကျႌကို စေ့လိုက်တော့ ကြယ်သီး မရှိတော့ဘူး။ အထဲမှာ တစ်ကယ်လို့ ခေါင်းစွပ်အင်္ကျီသာ မဝတ်ထားဘူးဆိုရင်၊ အဲ့ဒါကလည်း ကြယ်သီးနဲ့အင်္ကျီဆိုရင် ပြုတ်ထွက်သွားဖို့ရှိတယ်။ ဒီလိုနဲ့ ကျွန်မကို အရှက်ရစေတယ်။ ပြီးလို့ရှိရင် အဂျယ်ကိုလည်း ထိုင်ထလုပ်ခိုင်းတာပေါ့။ အဲ့လိုတွေနဲ့ ကျွန်မ အမှုဖွင့်ထားတယ်’’ဟု  မမွန်းမွန်းပန်က ပြောသည်။

ထိုသို့ အမှုဖွင့်ထားသည့်အပေါ် သခင်စစ်ကုမ္ပဏီဘက်က သတင်းမှားနေသည့့်အတွက် ခေါ်ယူ ညှိနှိုင်းခြင်း ဖြစ်ကြောင်း၊ ရိုက်နှက်ခြင်းမရှိခဲ့ကြောင်း ငြင်းဆိုထားသည်ဟု မမွန်းမွန်းပန်က ပြောသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထုတ် မြစ်ကြီးနားဂျာနယ်တွင် “မန်ဒေါင်ကျေးရွာအုပ်စုတွင် တစ်သျှူးငှက်ပျော စိုက်ပျိုးမည့် ကုမ္ပဏီနှစ်ခု ဝင်ရောက်လုပ်ကိုင်နေ” ဆိုပြီး ရေးသားထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

“ ကျွန်မရေးထားတဲ့ သတင်းမှာ ငှက်ပျောစိုက်တယ်ဆိုပြီး မရေးထားဘူး သူတို့ကို။ ဘာဖြစ်လို့လဲဆိုတော့ ငှက်ပျောစိုက်မည့်ကုမ္ပဏီ ဝင်လာပြီးတော့ လမ်းစတင်ဖောက်လုပ်နေတယ်ဆိုပြီးတော့ ရေးထားတာ။ အဲဒါကလည်း ရွာသားတွေဆီကနေ သိရတယ်ဆိုပြီး ကျွန်မ ရေးထားတာ။ အဲဒါကို သူတို့က သတင်းကို ရှင်းရှင်းလင်းလင်း မဖတ်ဘဲနဲ့ ကျွန်မကို သတင်းမှားရေးတယ်ဆိုပြီးတော့ သူတို့က လမ်းဖောက်တာကလည်း ဒေသဖွံ့ဖြိုးရေးအတွက်ပဲ လုပ်နေတာဆိုပြီး၊ သူတို့ ငှက်ပျောလည်း စိုက်မှာ မဟုတ်ဘူးဆိုပြီးတော့ လာပြောတာ’’ ဟု မမွန်းမွန်းပန်က ဆိုသည်။

အဆိုပါသတင်းတွင် အုပ်ချုပ်ရေးမှူး၊ ဒေသခံများ၊ ငှက်ပျောစိုက်ခင်း ဝင်လာမည်ကို ကန့်ကွက်ရန် ဖွဲ့စည်းထား သည့်အဖွဲ့၏ အသံများပါဝင်ပြီး အမှုနှင့်ပတ်သက်ပြီး လိုအပ်လျှင် ရွာသားများ၊ အုပ်ချုပ်ရေးမှူးများက သက်သေ ထွက်ဆိုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ သတင်းက ကျွန်တော်တို့ ရေးချင်တိုင်းရေးရတဲ့အရာမဟုတ်ဘူး။ ကျွန်တော်တို့ မြေပြင်ကွင်းဆင်းပြီးမှ သေသေ ချာချာ ကျွန်တော်တို့ ဒီဒေသက ပြောရေးဆိုခွင့်ရှိသူနဲ့ ပြောတဲ့အပိုင်း ဖြစ်ပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သတင်းထောက်နှစ်ယောက် ဒီလိုခံစားရတဲ့ပုံမူတည်ပြီး ကျွန်တော့်အမြင်ကတော့ ပြည်နယ်သူ၊ ပြည်နယ်သားအပေါ်မှာ ခြိမ်းခြောက်မှုတစ်ရပ်လို့လည်း ယူဆလို့ရပါတယ်။ အခုဖြစ်တဲ့အပေါ် ကျွန်တော်တို့ သတင်းထောက်နှစ်ယောက်ကို စိုးရိမ်သလို နောင်လာမယ့် အနေအထားအထားမှာ သတင်းရယူခွင့်အပိုင်းမှာ အတားအဆီးတစ်ခု၊ စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်” မြစ်ကြီးနာဂျာနယ် အမှုဆောင်အရာရှိချုပ်(၂) ဦးဇော်ခွန်းက ပြောသည်။

ကုမ္ပဏီဘက်သို့ လတ်တလောတွင် အဆက်သွယ်ရရှိမည့် ဖုန်းနံပါတ်မရရှိသေးဘဲ ထပ်မံသတင်းရရှိပါက မဇ္ဈိမ မှ ဖော်ပြပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly