သိမ်းဆည်းခံလယ်မြေ ဧက ၄ သိန်းကျော်ကို ပြန်လည်ပေးအပ်နိုင်ခဲ့ဟု သမ္မတ ပြောကြား

သိမ်းဆည်းခံလယ်မြေ ဧက ၄ သိန်းကျော်ကို ပြန်လည်ပေးအပ်နိုင်ခဲ့ဟု သမ္မတ ပြောကြား

ရန်ကုန်၊ မတ်လ ၂ ။          ။ တောင်လယ်သမားများ၏ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးကို အစိုးရမှ ကော်မတီဖွဲ့ပြီး ဆောင်ရွက်ပေးလျက်ရှိရာ ၂ဝ၁၈ ခုနှစ်ကုန်အထိ မြေဧကပေါင်း ၄ သိန်းကျော်ကို ပြန်လည်စွန့်လွှတ်ပေးအပ် နိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂ ရက်(ယနေ့)တွင် ကျရောက်သော တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ထိုသို့ ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။

၂ဝ၁၈ ခုနှစ်ကုန်အထိ ဧကပေါင်း ၄ သိန်းကျော်(၄၂၅၄ဝ၆) ကို ပြန်လည်စွန့်လွှတ်ပေးအပ်ခဲ့ပြီး ယင်းအထဲမှ မြေဧကပေါင်း ၄ဝ၆၇၁၉ ဧကကို တောင်သူလယ်သမား လက်ဝယ်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ် ကြောင်း သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည်။

ကျန်ရှိသည့် စွန့်လွှတ်မြေဧက ၁၈ဝဝဝ ကျော်(၁၈၆၈၇)ကိုလည်း သိမ်းဆည်းခံ တောင်သူလယ်သမားများထံ လက်ဝယ်သို့ အမြန်ဆုံးရောက်ရှိရေးကို ချမှတ်ထားသည့် မူဝါဒ လုပ်ငန်းနှင့်အညီ လုပ်ဆောင်နေကြောင်းသိရ သည်။

ထို့အပြင် ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့က ပြင်ဆင်ရေးဆွဲကာ ထုတ်ပြန်ခဲ့သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများဥပဒေနှင့်အညီ စိုက်ပျိုးမြေများ တရားဝင်ပိုင်ဆိုင်နိုင်ရေး၊ လုပ်ပိုင်ခွင့်လွယ်ကူစွာ လျှောက်ထားရရှိ ရေး၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာအရ သတ်မှတ်မြေများနှင့် အများပြည်သူတို့အတွက် လက်ရှိ အသုံးပြုထားသည့် မြေများအား မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအဖြစ် ခွင့်ပြုချထားခြင်း မပြုစေရေးတို့ကို ဆောင်ရွက်ပေးနေကြောင်း သမ္မတသဝဏ်လွှာတွင် ပါရှိသည်။

 

တောင်သူလယ်သမားများ၏ လူနေမှုဘဝမြင့်မားစေရေးအတွက် မြေပိုင်ဆိုင်ခွင့် လက်မှတ်များ တစ်နှစ်အတွင်း ရရှိရေး၊ စိုက်ပျိုးစရိတ်ချေးငွေများ စိုက်ပျိုးရာသီအမီ ရရှိရေး၊ လယ်ယာမြေသွင်းအားစုများ အခွန်ကင်းလွတ်ခွင့် ပေးရေး၊ သောက်သုံးရေ၊ စိုက်ပျိုးရေ၊ လျှပ်စစ်မီးရရှိရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသည့်အချက်များကို ဦးစားပေး အကောင်အထည်ဖော်လုပ်ဆောင်နေကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မတ်လ ၂ ရက် (ယနေ့)တွင် ကျရောက်သော တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly