ကချင်အမျိုးသားအရေး ဦးဆောင်နိုင်သူကိုသာ မဲထည်ရန် ကေဘီစီ ပန်ကြား

ကချင်အမျိုးသားအရေး ဦးဆောင်နိုင်သူကိုသာ မဲထည်ရန် ကေဘီစီ ပန်ကြား

ချင်းမိုင်၊ အောက်တိုဘာ ၂ ။ ။ လာမည့် ရွေးကောက်ပွဲတွင် ကချင်အမျိုးသားရေးအတွက် ဦးဆောင်လုပ်ကိုင်နိုင်သူကိုသာ မဲထည့်ကြရန် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ( KBC) ၎င်းတို့၏ ဘာသာဝင်များကို ပန်ကြားလိုက်သည်။

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် KBC အနေဖြင့် မည်သည့် နိုင်ငံရေးပါတီဘက်တွင် ပါဝင်ခြင်း မရှိသော်လည်း ကချင်အမျိုးသားများကို ဦးဆောင်နိုင်သည့် ခေါင်းဆောင်များကို အဓိက မဲထည့်သွားကြရန် အကြံပေး၊ ဆုံးဖြတ်ထားသည်ဟု စက်တင်ဘာလ ၂၈ ရက်က ကချင်ဘာသာဖြင့် ကြငြာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မဲထည့်ရာတွင် ကချင်အမျိုးသားများကိုသာ မဲထည့်ရန်၊ ဘာသာရေးတရားရှိသူ၊ ကချင်အမျိုးသားစိတ်ဓါတ်ရှိသူနှင့် ပြည်သူလူထုအပေါ် သိစ္စာရှိသူ၊ ပေးဆပ်နိုင်သည့် စိတ်ထားရှိသူများကိုသာ မဲထည့်ရန် ပန်ကြားထားသည်။

ထို့ပြင် လူထုအစည်းအဝေးတွင် ဆုံးဖြတ်ထားသည့်အတိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ကချင်အမျိုးသားများ မူးယစ်ဆေးဝါးဘေးအန္တရာယ်မှ လွတ်မြောက်ရေး အဓိက လုပ်ဆောင်ကြရန် တိုက်တွန်းထားသလို၊ တိုက်နယ် ၁၀ ခု ဖွဲ့စည်းထားသည့် နှစ် ၁၀၀ ပြည့်နှစ် အထိန်းအမှတ် ဗဟိုရုံးချုပ် တည်ဆောက်ရန်အတွက် ဘာသာဝင်တစ်ဦးလျှင် ကျပ် ၂၀၀၀ အလှူထည့်ဝင်ကြရန်နှင့် ကချင်အမျိုးသားများ၏ ကံကြမ္မာကို လူသားများ လုပ်ဆောင်နိုင်ခြင်း မဟုတ်ဘဲ ဘုရားသခင်၏ လမ်းပြမှု ဦးဆောင်နိုင်ရန်အတွက် ဆုတောင်းကြရန် ပန်ကြားထားသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မှုကြမ်း(National Ceasefire Accourd-NCA)နှင့် ပတ်သက်၍ လက်မှတ်ရေးထိုးရမည်ဆိုပါက အားလုံး ပါဝင်(All inclusive) လက်မှတ်ရေးထိုးရန်၊ အမေရိကန် အစိုးရလည်း ပါဝင် တိုက်တွန်းသွားရန်နှင့် နိုင်ငံရေးပန်းတိုင် မရောက်မချင်း လုံးဝ လက်နက်စွန့်ခြင်း မပြုရန်ဟူသော အချက်များကိုလည်း ပန်ကြားထားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ချို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်းကို လက်မှတ်ရေးထိုးရန် ညှိနှိုင်းဆွေးနွေးနေချိန်တွင် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုင်းခေါင်၊ မန်တုံ၊ မိုးမိတ်နှင့် မုံကိုးမြို့နယ်အတွင် အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားနေသလို၊ ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်မှ စစ်ပြေးဒုက္ခသည် ၁၄၀၀ ကျော်အတွက် အစိုးရက တင်ပြခွင့် တားမြစ်ထားပြီး စစ်ပြေးဒုက္ခသည်များ ထပ်မံ တိုးမြှင့်မှုများ ရှိနေသည်ဟု ဆိုထားသည်။

ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်က ကေဘီစီ သာသနာပြု ဆရာမ နှစ်ဦး အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်က ဆက်လက် ဆုတောင်းကြပါရန် ကေဘီစီက ပန်ကြားထားသည်။

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly