စျေးလျော့ရောင်းချနေရသောကြောင့် ကျပ်တစ်ထောင်တန်ထီ ကိုယ်စားလှယ်များ ဆက်လက် အရှုံးပေါ်နိုင်ခြေရှိ

စျေးလျော့ရောင်းချနေရသောကြောင့် ကျပ်တစ်ထောင်တန်ထီ ကိုယ်စားလှယ်များ ဆက်လက် အရှုံးပေါ်နိုင်ခြေရှိ
ဓာတ်ပုံ- သူရ

ရန်ကုန်၊မတ် ၁ ။       ။      ကျပ်တစ်ထောင်တန်ထီများသည် အက္ခရာထုတ်လုပ်မှုများပြားနေသည့်အတွက် ကိုယ်စားလှယ်ယူ ရောင်းချ နေသည့် ထီလုပ်ငန်းရှင်များအနေဖြင့် ကျပ်တစ်ထောင်ထီများကို  စျေးလျော့ရောင်းချနေရပြီး အရှုံးပေါ်လျက် ရှိကြောင်း ထီစျေးကွက်မှ သိရသည်။

ထီလုပ်ငန်းရှင် ကိုယ်စားလှယ်များအနေဖြင့် ထီဝယ်ယူခွင့်ကို အောင်ဘာလေသိန်းဆုဌာနခွဲတွင် အာမခံ တင်ထားကာ တစ်နှစ်စာချုပ်ချုပ်ထားရပြီး အဆိုပါကျပ်တစ်ထောင်တန်ထီကို အောင်ဘာလေသိန်းဆုဌာနမှ သုံးလစာ ကြိုတင်ရိုက်နှိပ်ထားပြီးဖြစ်ကြောင်း သိရသည်။

"ရှုံးတယ်။ဒီလက ကျွန်တော်ဆို ရသိန်း၊၈သိန်းလောက်ရှုံးတယ်။ နောက်လတွေလည်း  နည်းနည်းတော့ ရှုံးဦးမယ်လို့ ထင်တယ်။ရှုံးတဲ့အဓိကအကြောင်းရင်းကလည်း ထီလုံးရေထုတ်တာများတယ်။ အလုံးရေ ထုတ်တာ လျော့ချလိုက်မယ်ဆိုရင် ကျွန်တော်တို့ထီသမားတွေ နည်းနည်းအရှုံးသက်သာမယ်။ ဆိုလိုတဲ့သဘောကတော့ အများကြီးမဟုတ်ဘူးပေါ့။အလုံးရေ ၃၀၊၃၃လောက်ဆို ကျွန်တော်တို့ထီသမားတွေ မရှုံးနိုင်ဘူးပေါ့။ ဌာနဆိုင်ရာ ကလည်း ထီစျေးနှုန်းကို ထိန်းတဲ့သဘောလည်းပါ ပါတယ်။ထီထုတ်တာများသွားပြီး ထီသမားအားလုံးလိုလို ရှုံးကုန်ကြတာပါ။ဒီမနက်ကဆို တစ်ထောင်တန်ထီတစ်စောင် ၄ရာလောက်ဖြစ်တယ်" ဟု ငုံးဥထီဆိုင်ပိုင်ရှင် ဦးလှဝင်းက ပြောသည်။

အဆိုပါ ကျပ်တစ်ထောင်တန်ထီများကို ယခုလအတွင်းမှ ထီဖွင့်မည် မတ်လ ၁ရက်နေ့ မနက်ပိုင်းအထိ ကျပ်၈ဝဝမှ ကျပ်၄ဝဝအထိ စျေးနှုန်းများဖြင့်ရောင်းချခဲ့ရပြီး ၃စောင်ဝယ်လျှင် ၁စောင်၊၅စောင်ဝယ်လျှင် ၃စောင်၊၁ဝစောဝယ်လျှင် ၅စောင် အပို လက်ဆောင်ပေးရောင်းခဲ့ကာ ရောင်းမကုန်သည့် ထီလက်မှတ် များရှိကြောင်း ထီလုပ်ငန်းရှင်များထံမှ သိရသည်။

"တစ်ထောင်တန်ထီကို ၄ဝဝနဲ့ရောင်းတယ်။တစ်ထောင်ဖိုး ၃စောင်ရောင်းရတယ်။ဒါတောင် လက်ကျန်က ရှိသေးတယ်။ အရင်းရဲ့ ၃ပုံ ၁ပုံရအောင် မနည်းရောင်းနေရတာ။ဒီလက ထီသမားတွေအတွက် နာဂစ် ဝင်တာပဲ။ကိုယ်တွေက အာမခံနဲ့ စာချုပ်ချုပ်ထားတော့ ရှုံးပေမယ့် နောက်လတွေလည်း ဆက်ယူရဦးမှာ" ဟု ထီကိုယ်စားလှယ်တစ်ဦးမှ ပြောသည်။

ဖေဖော်ဝါရီလမှ စတင်ကာရောင်းချသည့် ထီလက်မှတ်များသည် စျေးကွက်တွင် ဝယ်လိုအားနည်းပြီး ထီလက်မှတ်နှင့် အက္ခရာအရေအတွက်များပြားနေသည့်အတွက် ထီလုပ်ငန်းရှင်များမှ အရှုံး ပေါ်နေခြင်းဖြစ်သည်။

"ကျပ်တစ်ထောင်တန်ထီမရောင်းချခင်ကတည်းက ကျွန်မတို့ သတင်းစာမှာ ထီဝယ်ယူလိုသူအနေနဲ့ လွတ်လပ်စွာ လျှောက်ထားနိုင်ပါသည်ဆိုပြီး ကြော်ညာထည့်ပါတယ်။အဲ့ဒီတော့ ကျွန်မတို့ သတင်းစာမှာ ကြော်ညာတဲ့အတွက် လာရောက်လျှောက်တဲ့ဟာက အက္ခရာပေါင်း ၂၆၄လုံးလောက်ရှိတယ်။အဲဒီအပေါ် ကျွန်မတို့ စိစစ်ပြီးတော့ အက္ခရာအလုံး ၄ဝပဲထုတ်ထားတာ။ဒါကို သူတို့က(ထီကိုယ်စားလှယ်က) မကုန် နိုင်ဘူးလို့၊ကုန်မယ်လို့ ပြောတာက စောလွန်းတယ်လို့ ကျွန်မထင်တယ်။ လာရောက်လျှောက်ထား တဲ့အပေါ် ကျွန်မတို့က ထုတ်လုပ်တာဖြစ်ပါတယ်"ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိအိခိုင်က ဆိုသည်။

မတ်လ ၁ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ကျပ်တစ်ထောင်တန်ထီဖွင့်ပွဲတွင် ကျပ်တစ်ထောင်တန်ထီ၏ အမြင့်ဆုံးဆုကြေးသည် ကျပ်သိန်း၁သောင်းခွဲဖြစ်ပြီး အဆိုပါကျပ်တစ်ထောင်တန်ထီအတွက် အက္ခရာ ၄ဝလုံး ထုတ်လုပ်ရောင်းခဲ့ကာ ဆုမဲပေါင်း ၂သိန်းခြောက်သောင်းကျော်ကို ချီးမြှင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly