အင်ဒိုနီးရှားမိုင်းတွင်းပြိုကျမှုကြောင့် သေဆုံးသူ ၈ ဦးရှိလာ

အင်ဒိုနီးရှားမိုင်းတွင်းပြိုကျမှုကြောင့် သေဆုံးသူ ၈ ဦးရှိလာ

မတ် ၁ ။           ။ များမကြာမီက အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီကျွန်းရှိ ရွှေမိုင်းတွင်းတစ်တွင်းပြိုကျခဲ့တဲ့ ဖြစ်စဉ်ကြောင့် သေဆုံးသူ ၈ ဦးရှိလာခဲ့ပြီး တွင်းထဲမှာ ပိတ်မိနေသည့် လုပ်သား ၃၀ ကျော်ရှိကြောင်း အင်ဒိုနီးရှားအာဏာပိုင်တွေက လတ်တလောကပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဖေဖော်ဝါရီလ၊ ၂၆ ရက်နေ့ညနေပိုင်းမှာ ဆူလာဝေစီကျွန်းပေါ်က ဘိုလန်း မွန်ဂွန်ဒိုး ဧရိယာမှာရှိတဲ့ မိုင်းတွင်းဆိုဒ်မှာ အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မိုင်းတွင်းပြိုကျတဲ့ ညမှာပဲ လုပ်သား ၁၉ ယောက်ကို ကယ်တင်နိုင်ခဲ့ပေမယ့် သေဆုံးသွားသူများလည်း ရှိသလို ပိတ်မိနေသူတွေပါ ရှိနေသေးတာဖြစ်ပါတယ်။

ယမန်နေ့က မိုင်းတွင်းထဲက ကျောက်တုံးကြီးတစ်တုံးအောက်မှာ ခြေထောက်တစ်ဖက်ညှပ်နေတဲ့ လုပ်သားတစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ပေမယ့် ၎င်းဟာ သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။

“မိုင်းတွင်းထဲကနေ အကူအညီတောင်းနေတဲ့ အသံတွေလည်းကြားနေရတယ်။ သူတို့ကို ကယ်ထုတ်ဖို့ပြင်ဆင်နေသလို မကယ်ထုတ်နိုင်ခင်မှာ အစာရေစာမပြတ်အောင်လည်း လုပ်ဆောင်ပေးနေပါတယ်။”လို့ အင်ဒို သဘာဝဘေး စီမံခန့်ခွဲရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပို ပူဝါဝို နူဂရိုဟိုက ပြောပါတယ်။

ကယ်ဆယ်ရေးတပ်သားတွေအနေနဲ့ ပိတ်မိနေသူများကို ကယ်ထုတ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly