ဒေဝူးမော်တော်ယာဉ် ဆားဗစ်စင်တာများကို မြို့ကြီး ၃မြို့တွင် ဖွင့်လှစ်မည်

ဒေဝူးမော်တော်ယာဉ် ဆားဗစ်စင်တာများကို မြို့ကြီး ၃မြို့တွင် ဖွင့်လှစ်မည်

ရန်ကုန်၊ မတ် ၁ ။            ။ ပြည်တွင်းတွင် ထုတ်လုပ်မည့်ကားများအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့များတွင် ဆားဗစ်စင်တာများ ဖွင့်လှစ်သွားမည်ဟု Daewoo Bus Myanmar ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာကျော်ကျော်အောင် က ပြောသည်။

 "ဆားဗစ်စင်တာကိုတော့ ကျွန်တော်တို့လက်ရှိ ရန်ကုန်မှာ ထောက်ကြန့်မှာလည်း တပ်ဆင်ထားပါတယ်။ ကျွန်တော်တို့က မန္တလေး၊ နေပြည်တော်မှာလည်း ဆားဗစ်စင်တာတွေကို တည်ထောင်သွားဖို့ စီစဉ်ထားပါတယ် " ဟု ဒေါက်တာကျော်ကျော်အောင်က ပြောသည်။

မီနီဘတ်စ်၊ စီးတီးဘတ်စ်များကို မြန်မာနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်ရောင်းချမည့် Daewoo Bus Myanmar မှ ဖေဖော်ဝါရီ ၂၈ ရက်က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင် အကြို သတင်းစာရှင်းလင်းပွဲ တွင် ပြောခဲ့ခြင်းဖြစ်သည်။

ဒေဝူးစီးတီးဘတ်စ် မော်ဒယ် BS 106 နှင့် Lester Minibus နှစ်မျိုးကို ပြည်တွင်း၌ မတ်လအတွင်း စတင် ထုတ်လုပ်သွားမည်ဖြစ်ပြီး မီနီဘတ်စ်တစ်စီး၏ စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄ သောင်းခွဲဝန်းကျင်နှင့် စီးတီးဘတ်စ်တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၈ သောင်းခွဲဝန်းကျင် ရှိကြောင်းသိရသည်။

ထို့ကြောင့် ဒေဝူးမော်တော်ယာဉ်များအတွက် ဆားဗစ်စင်တာများကို ရန်ကုန်တွင် ၅ ခု၊ နေပြည်တော်တွင် ၂ ခု နှင့် မန္တလေးတွင် ၁ ခု ဆားဗစ်စင်တာများ ဖွင့်လှစ်ခြင်း ဖြစ်သည်။

အဆိုပါ ဆားဗစ်စင်တာများအတွက် ဇန်နဝါရီလအတွင်းက မြန်မာအင်ဂျင်နီယာဝန်ထမ်း ၁၆ ဦးကို ကိုရီးယား နိုင်ငံတွင် လုပ်ငန်းခွင်သင်တန်း (On Job Training) ပို့ချမှုများ ပြုလုပ်ခဲ့သည်ဟု ဒေဝူးဘက်မှ ပြောသည်။

အဆိုပါ ထုတ်လုပ်မည့်ကားများကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအို၊ ကမ္ဘောဒီးယားနိုင်ငံများကိုလည်း ရောင်းချသွားရန်ရှိကြောင်း ဒေါက်တာကျော်ကျော်အောင်က ပြောသည်။

မြန်မာနိုင်ငံတွင် Daewoo Bus Myanmar ကုမ္ပဏီကို ၂၀၁ရခုနှစ် မတ်လက စတင်တည်ထောင်ခဲ့ပြီး မင်္ဂလာဒုံ မြို့နယ်၊ ထောက်ကြန့်တွင် စက်မှုဝန်ကြီးဌာနပိုင် ၁၄ ဧက ကျယ်ဝန်းသည့်မြေကို နှစ်ရှည်ငှားရမ်းကာ စက်ရုံသစ် ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required