ဖမ်းမိလေယာဉ်မှူးကို ပြန်လွှတ်မယ်လို့ ပါကစ္စတန် ကတိခံပေမယ့် အိန္ဒိယမှာ စစ်ရေးတပ်လှန့်ထားဆဲ ဖြစ်

ဖမ်းမိလေယာဉ်မှူးကို ပြန်လွှတ်မယ်လို့ ပါကစ္စတန် ကတိခံပေမယ့် အိန္ဒိယမှာ စစ်ရေးတပ်လှန့်ထားဆဲ ဖြစ်

နယူးဒေလီ၊ မတ် ၁ ။         ။     ခုသီတင်းပတ် လေကြောင်းစီးနင်းမှုအတွင်းမှာ ပစ်ချခံရပြီး ဖမ်းဆီးရမိထားတဲ့ အိန္ဒိယတိုက်လေယာဉ်မှူးကို ပါကစ္စတန်က ပြန်လွှတ်ပေးမယ်လို့ ကတိပေးပေမယ့် အိန္ဒိယဖက်မှာ စစ်ရေးတပ်လှန့်ထားဆဲပဲ ဖြစ်တယ်လို့ စစ်တပ်အကြီးအကဲတွေက ကြာသပတေးနေ့မှာ ပြောပါတယ်။

အိန္ဒိယထိန်းချုပ်ရာ ကက်ရှ်မီးယားအရပ်က စစ်စခန်းတွေကို ဗုဒ္ဓဟူးနေ့က တိုက်ခိုက်ခံရအပြီးမှာ ပါကစ္စတန်ရဲ့ F-16 ဂျက််လေယာဉ်ကို အိန္ဒိယဖက်က ပစ်ချခဲ့ကြောင်းလည်း လေတပ်၊ ကြည်းတပ်နဲ့ ရေတပ်က ထိပ်တန်းဗိုလ်ချုပ်ကြီးတွေက ထပ်မံအတည်ပြုဆိုပါတယ်။

“ကျွန်တော်တို့ဖက််မှာတော့ အပြည့်အဝ ပြင်ဆင်ထားတယ်။ ပါကစ္စတန််ဖက်က ဘယ်လိုကျုးကျော်တာမျိုးမဆို တုံ့ပြန်ဖို့ အမြင့်ဆုံးစစ်ရေးတပ်လှန့်ထားတယ်။”လို့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဆူရန်ဒရာဆင်းချ်က ပြောပါတယ်။

တင်းမာမှုတွေ အရှိန််မြင့်ချိန် ပြီးခဲ့တဲ့ရက်တွေမှာ အမြောက်တွေနဲ့ နှစ်နိုင်ငံ အပြန်အလှန်ပစ်ခတ်ခဲ့တဲ့ ကက်ရှ်မီးယားက ပါကစ္စတန်နဲ့ နယ်စပ်တစ်လျှောက်မှာ မြေပြင်အခြေစိုက် လေကြောင်းကာကွယ်ရေးလက်နက်တွေကို အသင့်တပ်ဖြန့််ထားကြောင်းလည်း ၎င်းက ဆိုပါတယ်။

ဒါအပြင် ဗိုလ်မှူးချုပ် ဆူရန်ဒရာဆင်းချ်ဟာ ၎င်းတို့ ပစ်ချလို့ အိန္ဒိယပိုင်နက်ထဲ ပျက််ကျလာတဲ့ ပါကစ္စတန်ရဲ့ F-16 လေယာဉ်က ဒုံးကျည်အပိုင်းအစကိုလည်း ထုတ်ဖော်ပြသလိုက်ပါတယ်။

ငြိမ်းချမ်းရေးအတွက် ပြယုဂ်တစ်ခုအနေနဲ့ ဖမ်းမိထားတဲ့ အိန္ဒိယလေယာဉ်မှူးကို သောကြာနေ့မှာ ပြန်လွှတ်ပေးမှာ ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် အမ်မရန်ခန်းက ကြာသပတေးနေ့မှာ ကြေညာပြောဆိုထားတာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly