တိရစ္ဆာန်များ ပိန်နေသည်ဆိုသော ဝေဖန်မှုများအပေါ် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တာဝန်ရှိသူ ပြန်ဖြေရှင်း

တိရစ္ဆာန်များ ပိန်နေသည်ဆိုသော ဝေဖန်မှုများအပေါ် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တာဝန်ရှိသူ ပြန်ဖြေရှင်း

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၈ ။   ။  ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း သန့်ရှင်းမှုအားနည်းသည့်အပြင်  ပြသထားသော တိရစ္ဆာန်များမှာလည်း ပိန်နေသည်ဟု ဝေဖန်မှုများရှိနေသည့်အပေါ် တာဝန်ရှိသူက ဖေဖော်ဝါရီလ ၂၈ ရက်တွင်  ပြန်ဖြေရှင်းပြောဆိုလိုက်သည်။

သန့်ရှင်းမှုအားနည်းသည်ဟု ဆိုသော ဝေဖန်မှုနှင့် ပတ်သက်ပြီး လူလုပ်အမှိုက်ဖြစ်သော ပလတ်စတစ်၊ စက္ကူ၊ ဖော့ဘူးများကို ဦးစားပေးစနစ်ဖြင့် လုံးဝရှင်းလင်းမှုများလုပ်ဆောင်နေသည်ဟု ဆိုပြီး သစ်ရွက်ခြောက်များကိုမူ ရှင်းသင့်သည့်နေရာ ရှင်းလင်းကာ အချို့နေရာများတွင် သစ်ရွက်ခြောက်များ ရှိနေခြင်းက ပိုမိုအဆင်ပြေသည့်အတွက် ချန်ထားခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ စီမံမန်နေဂျာ ဦးမျိုးကျော်သူက မဇ္စျိမသို့ ပြောသည်။

“နောက်တစ်ခုက တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးအတွက်ဆိုရင် ကျွန်တော်တို့က ၂၄ နာရီ စောင့်ရှောက် မှုရှိတယ်။ တိရစ္ဆာန်တွေ ပိန်တယ်လို့ ပြောတဲ့ဟာက ကျွန်တော်တို့ဆီမှာ ပြထားတဲ့ဟာက အိမ်မွေးတိရစ္ဆာန် မဟုတ်ဘူး။ တောရိုင်းတိရစ္ဆာန် ဖြစ်တယ်။ အိမ်မွေးလိုမျိုးတော့ ဝဖီးနေအောင်လည်း ထားလို့မရဘူး။ အကောင်တိုင်း မပိန်သလို အကောင်တိုင်း မဝဘူးပေါ့။ သူ့ရဲ့ သဘာဝအတိုင်းပဲ ကျွန်တော်တို့ ထားပေးထားတာပါ”ဟု ဦးမျိုးကျော်သူက ပြောသည်။

မြန်မာနိုင်ငံအနှံ့အပြားမှ လာရောက်လည်ပတ်ကြသော နေရာတစ်ခုဖြစ်သကဲ့သို့  နိုင်ငံခြား ခရီးသွားဧည့်သည်များပါ ဝင်ရောက်မှုများသော ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း မျိုးစိတ်ပေါင်း ၁၃၂ မျိုး၊ အကောင်ရေ ၁၄ဝဝ ကျော်ကို ပြသထားသည်။

တိရစ္ဆာန်ဥယျာဉ်အတွင်း ဝင်ရောက်လည်ပတ်သူများမှာ ယခင်နှစ်၊ လများထက် ယခုနှစ် လများတွင် ပိုမိုဝင်ရောက်လာပြီး ရုံးပိတ်ရက်များတွင် ဝင်ရောက်လည်ပတ်သူဦးရေ  ၆ဝဝဝ မှ ရဝဝဝ ကြားရှိကြောင်း ယင်းတာဝန်ရှိသူထံမှ သိရသည်။

လက်ရှိတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းသို့ လာရောက်လည်ပတ်သူများအနေဖြင့် နေပူဒဏ် သက်သာစေ ရန်နှင့် အလှဓာတ်ပုံများရိုက်ကူးနိုင်ရန်အတွက် ရောင်စုံထီးအလက် ၆ဝဝ ကျော်ဖြင့် အလှဆင်ထားပြီး ထီးများဖြင့် အလှဆင်ခြင်းကို ယခင်နှစ်မှ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly