ရန်ကုန်စည်ပင်ရွေးကောက်ပွဲတွင် ဝင်ရောက်မဲပေးခွင့်ရှိသူ လူဦးရေ ၃ ဒဿမ ၄ သန်းရှိ

ရန်ကုန်စည်ပင်ရွေးကောက်ပွဲတွင် ဝင်ရောက်မဲပေးခွင့်ရှိသူ လူဦးရေ ၃ ဒဿမ ၄ သန်းရှိ

ရန်ကုန်၊ဖေဖော်ဝါရီ ၂၈ ။              ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲတွင် ဝင်ရောက်မဲပေးခွင့်ရှိသူ လူဦးရေ ၃ ဒဿမ ၄ သန်း ကျော်ရှိကြောင်း စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

" မဲပေးခွင့်ရှိတဲ့သူစာရင်းကို ကြေညာနေပြီ။ ၂၇ ရက်နေ့ကတည်းက။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ၃၃ မြို့နယ်လုံးမှာ မဲစာရင်းတွေကို ကပ်ပြီး ကြေညာထားပြီ"ဟု စည်ပင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။

လက်ရှိတွင် ဆန္ဒမဲ ပေးခွင့်ရှိသူများစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ စည်ပင်သာယာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင် အမည်စာရင်းများကပ်ပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ ကြေညာ ထားမည် ဖြစ်သည်။

"မဲစာရင်းထဲမှာ ကိုယ့်နာမည် မပါဘူး၊ ကိုယ့်မှာ မှတ်ပုံတင်လည်း ရှိတယ်။ ဒီရပ်ကွက်မှာလည်း နေတယ်။ သေချာရင် မဲစာရင်းထဲမှာ ပါသင့်တယ်လို့ထင်ရင် ပုံစံ(၃)ဆိုတာရှိတယ်။ ရပ်ကွက်ရုံးမှာ ပုံစံ(၃)ကို ဖြည့်လိုက်ရင် ရပ်ကွက်ကော်မရှင်က မဲစာရင်းထဲ ထည့်ပေးလိမ့်မယ်။ မပါသင့်တဲ့သူတွေပါရင် သေသွားတဲ့သူတွေ၊ မနေထိုင် တော့တဲ့သူတွေ ပါရင်၊ စစ်တပ်ထဲဝင်သွားတဲ့သူတွေပါရင် ပုံစံ(၄)ကို ဖြည့်ပြီး ကန့်ကွက်ရင် မဲစာရင်းကို ပြင်လိမ့်မယ် "ဟု ဦးအောင်ခိုင်က ဆိုသည်။

လာမည့် မတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် စည်ပင်ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရှိပြီး မြို့နယ်၃၃ မြို့နယ်အတွက် မဲပုံးပေါင်း ၃၅၀၀ ကျော် ထားရှိသွားမည်ဖြစ်သည်။

မဲရုံတစ်ရုံတွင် မဲပုံး ၄ ပုံးထားရှိမည်ဖြစ်ကာ စည်ပင်သာယာရေးကော်မတီဝင်အတွက် ၁ ပုံး၊ မြို့နယ် ကော်မတီဥက္ကဋ္ဌအတွက်(၁)၊အဖွဲ့ဝင် (၁)အတွက် တစ်ပုံးနှင့် အဖွဲ့ဝင်(၂)အတွက် တစ်ပုံး စုစုပေါင်း ၄ ပုံး ထားရှိမည် ဖြစ်သည်။

စည်ပင်ရွေးကောက်ပွဲတွင် NLD ပါတီမှ ၄၂ ဦး၊ USDP ၂၇ ဦးနှင့် တစ်သီးပုဂ္ဂလပါဝင်ယှဉ်ပြိုင်သူ ၂၀၆ ဦး စုစုပေါင်းကိုယ်စားလှယ်၂၇၅ ဦး ပါဝင်ယှဉ်မည်ဖြစ်ကာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ စတင်ပြီး မဲဆွယ်စည်းရုံးနိုင်ပြီ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly