တွေ့ဆုံမှု ဒုတိယနေ့မှာ နျူကလီးယားအရေး ထရမ့်နဲ့ ကင်ဂျုံးအွန် ဆွေးနွေး

တွေ့ဆုံမှု ဒုတိယနေ့မှာ နျူကလီးယားအရေး ထရမ့်နဲ့ ကင်ဂျုံးအွန် ဆွေးနွေး
Photo: AFP

ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၈ ။       ။ မနေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ နွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်ပြီး ညစာအတူ စားသုံးခဲ့ကြတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်တို့ဟာ ဒီကနေ့ ကြာသပတေးနေ့မှာတော့ ကိုရီးယားကျွန်းဆွယ်  နျူကလီးယားကင်းစင်ရေးကို စတင်ဆွေးနွေးကြပြီ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားစီမံကိန်းနဲ့ ပတ်သက်ပြီး ရှေ့မတိုးနောက်မဆုတ် ဖြစ်နေတဲ့ အခြေအနေကနေ ဖောက်ထွက်ဖို့ ရည်ရွယ်ပြီး ရှစ်လအတွင်းမှာ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးက ဒုတိယအကြိမ် ထိပ်သီးစည်းဝေးတာပဲ ဖြစ်ပါတယ်။

အရင်က တစ်ဦးကိုတစ်ဦး ပုဂ္ဂိုလ်ရေး တိုက်ခိုက်ပြောဆိုပြီး တိုက်ခိုက်ဖျက်ဆီးပစ်မယ်လို့ အပြန်အလှန် ခြိမ်းခြောက်ခဲ့ဖူးကြတဲ့ ကင်ဂျုံးအွန်နဲ့ ထရမ့်တို့ရဲ့ ဒီတစ်ကြိမ်ဆွေးနွေးပွဲကိုတော့ စင်ကာပူမှာ ဦးဆုံးတွေ့ဆုံတဲ့ စည််းဝေးပွဲကထက် ရလဒ်ကောင်းတွေ ပိုမိုထုတ်ဖော်ရန် နိုင်ငံရေးအကဲဖြတ်တွေက သတိပေးထားပါတယ်။

စင်ကာပူက သမိုင်းဝင် ပထမဆုံးထိပ်သီးအစည်းအဝေးဟာ နှစ်နိုင်ငံကြား နွေးထွေးမှုပုံရိပ်တွေ ထင်ဟပ်ခဲ့ပေမယ့် ကိုရီးယားကျွန်းဆွယ် လုံးဝနျူကလီးယားကင်းစင်ရေးမှာ မြောက်ကိုရီးယားဖက်က ကတိခံလုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး တိကျတဲ့ ဖွင့်ဆိုချက်မရှိဘဲ ဝေ၀ါးနေခဲ့တာ ဖြစ်ပါတယ်။

ခုတစ်ကြိမ်အစည်းအဝေးကို မျှော်လင့်ချက် ကြီးနေတဲ့ သမ္မတ ထရမ့်က ကင်ဂျုံးအွန်ကို ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် ဖော်ကျူးပြီး သူ့ရဲ့ မြောက်ကိုရီးယားနိုင်ငံဟာ စီးပွားရေးအလားအလာကောင်းတွေ အမြောက်အမြားရှိနေတယ်လို့ ပြောပါတယ်။

မယုံနိုင်လောက်အောင် အလားအလာကောင်းတွေ ရှိနေတာကို မြောက်ကိိုရီးယားနိုင်ငံ လက်ဆုပ်ကိုင် ပိုင်ဆိုင်ဖို့အတွက် ကူညီသွားမယ်လို့လည်း ထရမ့်က စိတ်ပိုင်းဖြတ် ပြောဆိုပါတယ်။

အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ကလည်း ထရမ့်နဲ့ နောက်တစ်ကြိမ် ပြန်တွေ့ရတဲ့ ရက်ကို တွက်ချက်ပြပုံမျိုးနဲ့ ပြောဆိုပါတယ်။

“ကျွန်တော်တို့ ရက်ပေါင်း ၂၆၁ ရက် အကြာမှာ ဟနွိုင်းဆီ လာရောက်ပြီး ထပ်တွေ့ကြတာ ဖြစ်ပါတယ်။”လို့ ကင်ဂျုံးအွန်က ထရမ့်ကို ပြောရင်း ဆွေးနွေးပွဲတွေကနေ ကြီးမားတဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာအောင် အကောင်းဆုံး လုပ်ဆောင်သွားပါမယ်လို့လည်း စိတ်ပိုင်းဖြတ် ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly