ကက်ရှ်မီးယား တင်းမာမှုက အန္တရာယ်ကပ်ဘေးဖြစ်လိမ့်မယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် သတိပေးရင်း ဆွေးနွေးဖို့အရေး အိန္ဒိယကို ကမ်းလှမ်း

ကက်ရှ်မီးယား တင်းမာမှုက အန္တရာယ်ကပ်ဘေးဖြစ်လိမ့်မယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် သတိပေးရင်း ဆွေးနွေးဖို့အရေး အိန္ဒိယကို ကမ်းလှမ်း

အစ္စလာမ္မာဘတ်၊ ဖေဖော်ဝါရီ ၂၇ ။        ။ နျူကလီးယားပိုင် ပြိုင်ဖက်နှစ်နိုင်ငံကြားမှာ တင်းမာမှု ဆက်လက်အရှိန်မြင့်မားနေတာဟာ အန္တရာယ်ကပ်ဘေး ဖြစ်လာမယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အမ်မရန်ခန်းက သတိပေးရင်း အိန္ဒိယကို ဆွေးနွေးဖို့ ကမ်းလှမ်းပါတယ်။

“ကျွန်တော်တို့မှာရော၊ ခင်ဗျားတို့မှာပါ ရှိနေတဲ့ ဒီလက်နက်တွေနဲ့ ခြေလှမ်းမှား ခံနိုင်ဝံ့သလား။”လို့ ဝန်ကြီးချုပ် အမ်မရန်ခန်းက ရုပ်သံကနေ မိန့်ခွန်းပြောကြားပါတယ်။ နှစ်နိုင်ငံစလုံးဟာ တစ်ဖက်နဲ့ တစ်ဖက် စစ်လေယာဉ်တွေကို ပစ်ချခဲ့တယ်လို့ ပြောဆိုလာခဲ့ပြီးနောက် ပါကစ္စတန်ဝန်ကြီးချုပ်က ခုလို ပြောဆိုလာတာပါ။

“စေ့စပ်ရေးစားပွဲဝိုင်းဆီ လာဖို့ အိန္ဒိယကို ကျွန်တော် ထပ်ပြီး ဖိတ်ခေါ်ပါတယ်။”လို့ အရင်ကလည်း နယူးဒေလီနဲ့ ဆွေးနွေးဖို့ တောင်းဆိုဖူးတဲ့ ဝန်ကြီးချုပ် ခန်းက ပြောပါတယ်။

“ပိုမိုသင့်မြတ်တဲ့ အသိတရား တည်ရှိသင့်ပါတယ်။”လို့ ၎င်းက ဖြည့်စွက်ဆိုရင်း နှစ်နိုင်ငံစလုံးရဲ့ နျူကလီးယားလက်နက်သိုက်တွေ ပိုင်ဆိုင်ထားမှုကိုလည်း အရိပ်ပြ ပြောဆိုပါတယ်။

“ဒီကနေ ထပ်ပြီး တင်းမာမှုတွေ အရှိန်မြင့်လာပြီဆိုရင် ဘာတွေဆက်ဖြစ်လာမလဲ။”လို့ပါ ၎င်းက မေးခွန်းထုတ်ခဲ့ပါတယ်။
ကက်ရှ်မီးယားဒေသမှာ အိန္ဒိယစစ်ယာဉ်တန်းကို ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအုပ်စု အသေခံဗုံးခွဲလို့ အိန္ဒိယအရံတပ်သား ၄၀ ကျဆုံးပြီး နှစ်နိုင်ငံ တင်းမာလာခဲ့ပါတယ်။

မနေ့က အရုဏ်မတက်ခင်မှာ ပါကစ္စတန်ပိုင်နက်ထဲက အဲဒီ စစ်သွေးကြွစခန်းတွေကို အိန္ဒိယက လေကြောင်းထိုးစစ်ဆင်ခဲ့ပြီးနောက်မှာတော့ နှစ်နိုင်ငံ တင်းမာမှု ဒီရေ မြင့်တက်လာတော့ပါတယ်။

ဒီကနေ့မှာ ပါကစ္စတန်ဖက်က အိန္ဒိယ တိုက်လေယာဉ်နှစ်စင်းကို ပစ်ချခဲ့တယ်လို့ ထုတ်ပြန်လာသလို အိန္ဒိယကလည်း ပါကစ္စတန်တိုက်လေယာဉ်တစ်စင်းကို ပစ်ချလိုက်ကြောင်း ကြေညာခဲ့ပြီးနောက်မှာ ပါကစ္စတန်ဝန်ကြီးချုပ်ဖက်က ဆွေးနွေးရေးအတွက် တောင်းဆိုလာတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly