"သာစည်မြို့နယ်အတွင်းရှိ စိုက်ပျိုး ရေကန်များကို ပြန်လည်တူးဖော်မည်"

"သာစည်မြို့နယ်အတွင်းရှိ စိုက်ပျိုး ရေကန်များကို ပြန်လည်တူးဖော်မည်"
မတ္တရာမြို့နယ်မှ တောင်သူတစ်ဦး (ဓာတ်ပုံ။အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ဖေဖော်ဝါရီ ၂၆ ။               ။ မန္တလေးတိုင်းဒေသကြီး၊သာစည်မြို့နယ်အတွင်းမှ စိုက်ပျိုးရေးလုပ်ကိုင်နေသည့် တောင်သူများ အဆင်ပြေ လာစေရန်အတွက် စိုက်ပျိုးရေကန်များကို ပြန်လည်တူးဖော်ပေးသွားမည်ဟု စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဝန်ကြီး ဒေါက်တာစိုးသန်းကပြောသည်။

 စိုက်ပျိုးရေကန်များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေသာမန် တတိယဦးစားပေး ရန်ပုံငွေဖြင့် လုပ်ဆောင်ပေးသွားမည်ဟု ဒေါက်တာစိုးသန်းကဆိုသည်။

 "သာမန်တတိယဦးစားပေး ရန်ပုံငွေစာရင်းမှာ တင်ပြ တောင်းခံပြီးဖြစ်ပါတယ်။ရန်ပုံငွေရရှိတာနဲ့ လုပ်ငန်းစတင် ဆောင်ရွက်ပေးပါမယ်"ဟု ဒေါက်တာစိုးသန်းကပြောသည်။

 ပြန်လည်တူးဖော်မှုများ ဆောင်ရွက်ရာတွင် သာစည်မြို့နယ်အတွင်းမှ ယင်းမာကျေးရွာအုပ်စု၊ ယင်းမာကျေးရွာ အနီးရှိ စိုက်ပျိုးရေကန်၊ ညောင်ပင်သာ ကျေးရွာအုပ်စု တမာရွာအနီးရှိ သံမဏိကန်နှင့်အုတ်တွင်းကျေးရွာအုပ်စု ဆင်ရွာကျေးရွာအနီးရှိ မကြီးကန်တို့ကို ပြန်လည်တူးဖော်ပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 လက်ရှိတွင် ၎င်းကန်များသည် တိမ်ကောပျက်စီးနေခြင်းကြောင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် တောင်သူများမှာ ရေအခက်အခဲကြောင့် သီနှံအထွက်လျှော့မှုများ ကြုံတွေ့နေရသည်ဟု သာစည်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်သိန်းကဆိုသည်။

 "စိုက်ရေအတွက် အဆင်မပြေတော့ ဒီနှစ်ဆို အသီးအနှံသိပ်မရကြဘူး။"ဟု ဦးမိုးမြင့်သိန်းကဆိုသည်။

 ဆက်လက်၍ ဦးမိုးမြင့်သိန်းက ငှက်မင်းကုန်းရေလွှဲဆည်၏ မြောင်ဘောင်ကျိုးပေါက်နေမှုကိုလည်း ပြုပြင်ပေးရန် လိုအပ်သည်ဟုဆိုသည်။

 သာစည်မြို့နယ်အတွင်းရှိ စိုက်ပျိုးကန်အချို့သည် နှစ်ပေါင်းများစွာ မပြုပြင်ခဲ့ခြင်းကြောင့် သဲနှုန်းမြေများဖြင့် တိမ်ကောမှုများဖြစ်ပေါ်နေပြီး တချို့မှာ ရေလွှတ်မြောင်းများ ရေပို့မြောင်းများ ပျက်ဆီးလျက်ရှိသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ကြီး ဒေါက်တာစိုးသန်းကဆိုသည်။

 အဆိုပါ စိုက်ပျိုးရေကန်များနှင့်ရေမြောင်းများပြုပြင်ပြီးပါက စိုက်ဧက တစ်ထောင်နီး အကျိုးရှိသွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly