ထရမ့်နဲ့ ထိပ်သီးအစည်းအဝေးအတွက် မြောက်ကိုရီးယားခေါင်းဆောင် ဗီယက်နမ်သို့ ရောက်ရှိပြီ

ထရမ့်နဲ့ ထိပ်သီးအစည်းအဝေးအတွက် မြောက်ကိုရီးယားခေါင်းဆောင် ဗီယက်နမ်သို့ ရောက်ရှိပြီ

ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၆ ။          ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအန်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒုတိယမြောက် ထိပ်သီးအစည်းအဝေးအတွက် ဖေဖော်ဝါရီ ၂၆ ရက်မှာ ဗီယက်နမ်နိုင်ငံကို ရောက်ရှိလို့ လာပါပြီ။

ကင်ဂျုံးအန်ဟာ သူ့ရဲ့ စိမ်းဝါရောင်ကိုယ်ပိုင်ရထားနဲ့ ပြုံယမ်းကနေ တရုတ်နိုင်ငံကို ဖြတ်ပြီး ကီလိုမီတာ ၄၀၀၀ အကွာအဝေးခရီးကို နှစ်ရက်ခွဲကြာ ခုတ်မောင်းပြီး ဗီယက်နမ်နိုင်ငံ ဒုံဒန်းဘူတာရုံဆီ ရောက်ရှိလာတာပါ။

ကင်ဂျုံးအန်အနေနဲ့ အဲဒီလေဆိပ်ကနေ ဗီယက်နမ်မြို့တော် ဟနွိုင်းဆီ နိုင်ငံတော်အလည်အပတ်ခရီးအဖြစ် သွားရောက်ဖို့ ရှိနေပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအန်တို့ရဲ့ ဒုတိယမြောက် ထိပ်သီးအစည်းအဝေးကို ဟနွိုင်းမြို့တော်မှာ ဖေဖော်ဝါရီ ၂၇ ရက်နဲ့ ၂၈ ရက်တို့မှာ နှစ်ရက်တာ ကျင်းပမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် စင်ကာပူမှာ ကျင်းပခဲ့တဲ့ ပထမဆုံး သမိုင်းဝင်ထိပ််သီးအစည်းအဝေးအပြီး ဒုတိယမြောက်ထိပ်သီးအစည်းအဝေးအဖြစ် ကိုရီးယားကျွန်းဆွယ်နျူကလီးယား ကင်းစင်ရေးကို ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

အခု အစည်းအဝေးမတိုင်မီမှာ နှစ်ဖက်ခေါင်းဆောင်နှစ်ဦးရဲ့ အပြုသဘောဆောင်တဲ့ အမြင်သဘောထား ပြောဆိုချက်တွေလည်း ရှိနေပါတယ်။

သမ္မတ ထရမ့်က ကင်ဂျုံးအန်နဲ့ ထိပ်သီးအစည်းအဝေးကို များစွာမျှော်လင့်ကြောင်း ပြောသလို မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်မှုတွေ ရပ်ထားသရွှေ့ သူ့အနေနဲ့ ပျော်ရွှင်ရတယ်လို့လည်း ဆိုထားပါတယ်။

သိုသပ်တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင် ကင်ဂျုံးအန်ကလည်း ယခင်ပထမအကြိမ် ထိပ်သီးအစည်းအဝေးမတိုင်ခင်တုန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုနဲ့ တွေ့ခဲ့စဉ်မှာ သူ့အနေနဲ့ သူ့ရဲ့သားသမီးတွေကို နျူကလီးယားလက်နက် ဝန်ထုပ်ဝန်ပိုးနဲ့ မနေစေချင်ဘူးလို့ ပြောဖူးခဲ့ကြောင်း ဒီရက်ပိုင်းအတွင်းမှာပဲ စီအိုင်အေအရာရှိဟောင်းတစ်ဦးက ထုတ်ပြောလာခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly