ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသောနေ့ကို ပိတ်ရက်အဖြစ် သတ်မှတ်ရန် သင့်လျော်မှု မရှိသေး

ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသောနေ့ကို ပိတ်ရက်အဖြစ် သတ်မှတ်ရန် သင့်လျော်မှု မရှိသေး
Photo: RiA

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆ ။        ။ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည့် ခေါင်းဆောင်တစ်ဦးဖြစ်သော ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူနေ့ ဖြစ်သည့် စက်တင်ဘာလ ၉ ရက်နေ့ကို အစိုးရရုံးပိတ်ရက် (သို့) ရခိုင်ပြည်နယ်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် သင့်လျော်မှု မရှိသေးကြောင်း တိုင်းရင်းသားရေးရာလူမျိုးများဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှမော်ဦးက ပြောသည်။

"ဆရာတော် ဦးဥတ္တမသည် လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ရာတွင် ပါဝင်ခဲ့သော ခေါင်းဆောင်တစ်ဦးဖြစ်သော်လည်း အခြားတိုင်းရင်းသားမျိုးနွယ်စုများတွင် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ပါဝင်ခဲ့သည့် ခေါင်းဆောင်များ  ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခဲ့သည့် စက်တင်ဘာလ ၉ ရက်ကို ဆရာတော် ဦးဥတ္တမနေ့အဖြစ် အစိုးရရုံးပိတ်ရက် သို့မဟုတ် ရခိုင်ပြည်နယ်၏ ရုံးပိတ်ရက်သတ်မှတ်ပါက အခြားတိုင်းရင်းသားများကလည်း အလားတူတောင်းဆိုမှုမျိုး ရှိလာနိုင်ပါတယ်"ဟု တိုင်းရင်းသားရေးရာလူမျိုးများဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးလှမော်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့က အမျိုးသားလွှတ်တော်အစည်းအဝေးတွင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးဝေစိန်အောင် မေးမြန်းခဲ့သည့် " မြန်မာနိုင်ငံလွတ်လပ်ရေး၏ မီးရှုးတန်ဆောင်ဖြစ်သော ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသော စက်တင်ဘာလ ၉ ရက်နေ့ကို အစိုးရရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးရန် သို့မဟုတ် ရခိုင်ပြည်နယ် ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်ပတ်သက်ပြီး ဒုဝန်ကြီး ဦးလှမော်ဦးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

"ဆရာတော် ပျံလွန်တော်မူသည့်နေ့ကို ရခိုင်ပြည်နယ်အတွက်သာ ရုံးပိတ်ရက် သတ်မှတ်ပါက အခြားဒေသများတွင် နေထိုင်သည့် ရခိုင်တိုင်းရင်းသားများအား ခွဲခြားသကဲ့သို့လည်း ဖြစ်လာနိုင်ပါတယ်”ဟု ဒုတိယဝန်ကြီး ဦးလှမော်ဦးက ပြောသည်။

လက်ရှိတွင် နိုင်ငံတော်က ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ထိခိုက်မှုမရှိစေရေးနှင့် တိုင်းရင်းသားများအကြားတွင် အထင်မြင်လွဲမှားပြီး ခွဲခြားဆက်ဆံရသည့်သဘောမျိုး မရှိစေရေး၊ တိုင်းရင်းသား တစ်မျိုးတည်းကိုသာ ဦးစားပေးအခွင့်အရေးပေးသည့် သဘောမျိုး မဖြစ်စေရန်အတွက် ထိုကဲ့သို့ ပိတ်ရက်အဖြစ်သတ်မှတ်ရန် သင့်လျော်မှု မရှိသေးကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံတွင် တရားဝင် ရုံးပိတ်ရက်များ၊ မဟာသင်္ကြန်ကာလ ရုံးပိတ်ရက်များနှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များသည် တစ်နှစ်လျှင် ရက်ပေါင်း ၁၃၀ ခန့်ရှိသည့်အတွက် ရုံးပိတ်ရက်များ ထပ်မံများပြားလာပါက အစိုးရယန္တရားလည်ပတ်မှုကို အနည်းနှင့်အများ ထိခိုက်မှုရှိလာနိုင်သည်ဟု ဒုဝန်ကြီးက ပြောခဲ့သည်။

ဆရာတော်ဦးဥတ္တမသည် ပထမ တက္ကသိုလ် ကျောင်းသားသပိတ်အပြီးတွင် နိုင်ငံရေးနိုးကြားစေရန်အတွက် စည်းရုံးလှုံ႔ဆော်မှုများ ဆောင်ရွက်ခဲ့ပြီး နိုင်ငံရေးတရား ဟောကြားခဲ့မှုများကြောင့် အင်္ဂလိပ်အစိုးရမှ ၁၉၂၁ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၂၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၂၈ ခုနှစ်တွင် တစ်ကြိမ်၊ စုစုပေါင်း ၃ ကြိမ် အဖမ်းခံခဲ့ရသည်။

ထို့နောက် ၁၉၃၅ ခုနှစ်တွင်  (၉၁)ဌာန အုပ်ချုပ်ရေးပေါ်ပေါက်လာချိန်တွင် နိုင်ငံရေးအကွဲအပြဲများနှင့် ဂိုဏ်းဂဏအစွဲများ ရှိလာသည့်အတွက် နိုင်ငံရေးအယူအဆ မတူသူများ၏ အမျိုးမျိုးသော စွပ်စွဲပြောဆိုမှုများကြောင့် နိုင်ငံရေးအရှုပ်အထွေးများတွင် ပါဝင်ခြင်းမရှိတော့ကြောင်း သိရသည်။

ဆရာတော်သည် အိန္ဒိယနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဂျပန်နိုင်ငံများတွင် ပညာသင်ကြားခဲ့ပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ဗုဒ္ဓဘာသာသိပ္ပံကျောင်းတွင် ပါဠိဘာသာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ 

ကမ္ဘာ့နိုင်ငံအနှံ့အပြားသို႔ကြွရောက်လေ့လာခဲ့သည့် ရဟန်းတစ်ပါးဖြစ်ပြီး ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ သက်တော်(၆၀) သိက္ခာတော်  ၄၁ ၀ါတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပျံလွန်တော်မူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly