ဘင်္ဂလားဒေ့ရှ်လေယာဉ်ကို ပြန်ပေးဆွဲသူကို အသေပစ်သတ်ဖမ်းဆီး

ဘင်္ဂလားဒေ့ရှ်လေယာဉ်ကို ပြန်ပေးဆွဲသူကို အသေပစ်သတ်ဖမ်းဆီး

ဒါကာ၊ ဖေဖော်ဝါရီ ၂၅ ။        ။    ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ တနင်္ဂနွေနေ့က  ဒူဘိုင်းကို ဦးတည်တဲ့  ခရီးသည်တင်လေယာဉ်တစ်စီးကို ကွန်မန်ဒိုတွေ ဝင်ရောက်စီးနင်းပြီး အဲဒီလေယာဉ်ကို ပြန်ပေးဆွဲဖို့ ကြိုးစားတဲ့ လက်နက်ကိုင်အမျိုးသားကို အသေပစ်သတ်ဖမ်းဆီးလိုက်တယ်လို့ စစ်တပ်က ထုတ်ပြန်ပါတယ်။

လေယာဉ်ကို ပြန်ပေးဆွဲဖို့လုပ်တဲ့ သံသယရှိသူဟာ ဘင်္ဂလားဒေ့ရှှ်နိုင်ငံသားပဲဖြစ်ပြီး ဒူဘိုင်းကို ဦးတည်ပြီး ဒါကာလေဆိပ်ကနေ ပျံသန်းလာတဲ့ လေယာဉ်ကို ပြန်ပေးဆွဲတာပါ။ စစ်တကောင်းလေဆိပ်ဆီ ပြန်ပေးဆွဲခံရတဲ့ ဘိုးရင်း ၇၃၇-၈၀၀ လေယာဉ်ကြီး ဘေးကင်းစွာ ဆင်းသက်ချိန်မှာ အထူးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းပြီး ပြန်ပေးသမားကို ပစ်ခတ်ဖမ်းဆီးတာ ဖြစ်ပါတယ်။

ခရီးသည် ၁၃၄ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၄ ဦး လိုက်ပါတဲ့ ဒီ ခရီးသည်လေယာဉ်ပေါ်က လူအားလုံးကိုလည်း ဘေးကင်းစွာ ကယ်ဆယ်လိုက်နိုင်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမယ့် မာဟာဒီလို့ သိရတဲ့ အသက် ၂၅၊ ၂၆ နှစ်် ဝန်းကျင်ရှိတဲ့ သံသယရှိ ပြန်ပေးသမားကတော့ ဝင်ရောက်ဖမ်းဆီးချိန်မှာ ပစ်ခတ်လိုက်ရတာကြောင့်  ဒဏ်ရာရပြီး သေဆုံးတာဖြစ်တယ်လို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် မိုတာရက်ရှ်မန်းက ဆိုပါတယ်။

“ကျုပ်တို့ ကွန်မန်ဒိုတပ်က ဒီ ပြန်ပေးသမားကို လက်နက်ချခိုင်းတယ်။ ဒါပေမယ့် သူက ရန်လိုနေပြီး လက်နက်မချဘူး။ ဒါကြောင့် ပစ်ခတ်လိုက်ရတာ ဖြစ်တယ်။ နောက်တော့ သူ သေဆုံးခဲ့တယ်။ အဲဒီ လူဆီက ပစ္စတို တစ်လက် ရခဲ့တယ်။”လို့ ရက်ရှ်မန်းက ပြောပါတယ်။

ဒါကာကနေ ပျံတက်ပြီး ဆယ်မိနစ်လောက်မှာပဲ ပြန်ပေးသမားက သေနတ်နှစ်ချက် ပစ်ဖောက်ပြီး လေယာဉ်ကို ပြန်ပေးဆွဲတယ်လို့ ကြေညာတာဖြစ်ကြောင်း စစ်တကောင်းလေဆိပ်မှာ ခရီးသည်တစ််ဦးက သတင်းထောက်တွေကို ပြောပါတယ်။

“လေယာဉ်ပြန်ပေးသမားကို ဖုန်းထဲကနေ စကားပြော အချိန်ဆွဲပြီး အထူးတပ်ဖွဲ့တွေ ပြင်ဆင်လို့ရအောင် လုပ်ပေးခဲ့တယ်။ အဲဒီ ပြန်ပေးသမားက ဝန်ကြီးချုပ် ရှိတ်ဟာစီနာနဲ့ စကားပြောချင်တယ်လို့ တောင်းဆိုတယ်။ သူ့မှာ ပစ္စတိုပါတယ်လို့လည်း ခြိမ်းခြောက်တယ်။”လို့ လေတပ်အရာရှိတစ််ဦးဖြစ်တဲ့ မိုဖစ်က ဆိုပါတယ်။

လေယာဉ်အမှုထမ်းတစ်ဦးကလည်း “ဒီပြန်ပေးသမားဟာ လေယာဉ်ကို ပြန်ပေးဆွဲကြောင်း ပြောတယ်။ လေယာဉ်တံခါးကို ဖွင့်ရင် ဖောက်ခွဲပစ်မယ်လို့လည်း ခြိမ်းခြောက်တယ်။”လို့ ဘင်္ဂလားဒေ့ရှှ်သတင်းစာတစ််စောင်ကို ပြောပါတယ်။

အဲဒီ လေယာဉ်ပြန်ပေးသမားကို ရှင်းလင်းတဲ့ စစ်ဆင်ရေးဟာ အချိန် ဆယ်မိနစ်ပင် မပြည့်ပဲ အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့ပြီး လေယာဉ်ကို ပြန်လည်ပျံသန်းလို့ရပြီလို့ အတည်ပြုပြောနိုုင်ခဲ့ကြောင်း ဗိုလ်မှူးချုပ် ရက်ရှ်မန်းက ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly