လူသားချင်းစာနာမှု အကူအညီတွေကို မာဒူရိုအစိုးရက ပိတ်ဆို့ပြီးနောက် ဗင်နီဇွဲလားနယ်စပ်မှာ ရုန်းရင်းဆန်ခတ် ဖြစ်

လူသားချင်းစာနာမှု အကူအညီတွေကို မာဒူရိုအစိုးရက ပိတ်ဆို့ပြီးနောက် ဗင်နီဇွဲလားနယ်စပ်မှာ ရုန်းရင်းဆန်ခတ် ဖြစ်

ဖေဖော်ဝါရီ ၂၄ ။       ။      ဗင်နီဇွဲလားပြည်သူတွေအတွက် ရည်ရွယ်ပေးပို့လိုက်တဲ့ လူသားချင်းစာနာမှုအကူအညီတွေ နယ်စပ်ကို ရောက်ရှိလာချိန် သမ္မတ မာဒူရို အစိုးရက အဝင်မခံဘဲ ပိတ်ဆို့ထားခဲ့တာကြောင့် ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်က နယ်စပ်မြို့တွေမှာ လူသေဆုံးစေတဲ့ ရုန်းရင်းဆန်ခတ် အခြေအနေတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ကိုလံဘီယာနဲ့ ဘရာဇီးတို့ကနေတဆင့် နယ်စပ်ကို ဖြတ်ကျော်ပြီး အကူအညီပစ္စည်းတွေ ဗင်နီဇွဲလား နိုင်ငံထဲ သွင်းဖို့ လုပ်ခဲ့ပေမယ့် မာဒူရိုအစိုးရက တားမြစ်နေလျက် ရှိတာဖြစ်ပါတယ်။

ဆန္ဒပြ ပြည်သူတွေဘက်က ယင်း အကူအညီပစ္စည်းတွေကို စုဆောင်းရယူ သယ်ပို့ဖို့ ကြိုးပမ်းခဲ့ပေမယ့် စစ်တပ်က မျက်ရည်ယိုဗုံး၊ ရာဘာကျည်တို့နဲ့ ပစ်ပြီး ဖြိုခွင်းတားဆီးခဲ့ပါတယ်။

လူအများအပြား ပစ်ခတ်ခဲ့ရပြီး လူနှစ်ဦး  သေဆုံးသွားတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

ယခုလို အရပ်သားတွေအပေါ် တိုက်ခိုက်တာနဲ့ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုးကလည်း ပြစ်တင်ရှုတ်ချသွားပြီး ဒါဟာ မာဒူရို မွေးထားတဲ့ လူဆိုးလူမိုက်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောသွားပါတယ်။

ကိုလံဘီယာ-ဗင်နီဇွဲလား နယ်စပ်မှာ လူသားချင်းအကူအညီ ပစ္စည်းတွေတင်ထားတဲ့ ထရပ်ကားတွေ မီးလောင်နေတဲ့မြင်ကွင်းတွေကို ဒရုန်းပုံရိပ်တွေကနေတဆင့် မြင်တွေ့ခဲ့ရပြီး ဒါဟာ မာဒူရိုအစိုးရရဲ့လက်ချက်ဖြစ်ကြောင်း အတိုက်အခံဘက်က စွပ်စွဲပါတယ်။

အလားတူ ဘရာဇီးနဲ့ ထိစပ်နေတဲ့ ဗင်နီဇွဲလားနယ်စပ်မှာလည်း စစ်သားတွေနဲ့ ပြည်သူတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပြီး  အခြေအနေတွေ တင်းမာနေခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly