ထိပ်သီးအစည်းအဝေးတက်ဖို့ ကင်မ်ဂျုံအန်း ရထားစီးပြီး ဗီယက်နမ်သို့ ဦးတည်ထွက်ခွာ

ထိပ်သီးအစည်းအဝေးတက်ဖို့ ကင်မ်ဂျုံအန်း ရထားစီးပြီး ဗီယက်နမ်သို့ ဦးတည်ထွက်ခွာ

ဖေဖော်ဝါရီ ၂၄ ။       ။    မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကတော့ ယခုအခါ ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းကို ဦးတည်ပြီး ကျည်ကာရထားနဲ့ ခရီးထွက်ခွာလာနေပြီဖြစ်ကြောင်း သိရပါတယ်။ ယင်းအာဆီယံနိုင်ငံမှာ လာမယ့်ရက်ပိုင်းအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ယခုလို လာရောက်တာ ဖြစ်ပါတယ်။

ကင်မ်ကတော့ မြောက်ကိုရီးယားကနေထွက်ခွာလာပြီး ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာတော့ တရုတ်နယ်စပ်မြို့ Dandong ကို ဆိုက်ရောက်လာခဲ့ကာ ဖေဖော်ဝါရီ ၂၄ ရက်မှာတော့ မြို့တော် ပေကျင်းကို ရောက်လာမယ်လို့ ခန့်မှန်းရပါတယ်။

အများ မျှော်လင့်စောင့်စားနေခဲ့တဲ့ ဒုတိယအကြိမ်မြောက် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးကိုတော့ လာမယ့် ဖေဖော်ဝါရီ ၂၇၊ ၂၈ တို့မှာ ဗီယက်နမ်မြို့တော်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒါဟာ ယမန်နှစ်တုန်းကတော့ အဆိုပါ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးအကြား စင်ကာပူမှာ ပထမဆုံးအကြိမ် သမိုင်းဝင်တွေ့ဆုံပြီးနောက် ဒုတိယမြောက် ထပ်မံတွေ့ဆုံခြင်းလည်း ဖြစ်ပါတယ်။

ယခုတစ်ကြိမ်မှာလည်း ကိုရီးယားကျွန်းဆွယ် နျူကလီးယားဖျက်သိမ်းရေးပိုင်း အခြေအနေ ထပ်မံတိုးတက်လာမလားဆိုပြီး အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေလျက် ရှိပါတယ်။

ယခု ဗီယက်နမ် ခရီးစဉ်မှာ မြောက်ကိုရီးယားခေါင်းဆောင် နဲ့အတူ ၎င်းရဲ့ ညာလက်ရုံးလည်းဖြစ် အဆင့်မြင့် ဗိုလ်ချုပ်ကြီးလည်း ဖြစ်တဲ့ ကင်မ်ယုံချိုးလ်အပါအဝင် အခြားအဆင့်မြင့်အရာရှိကြီးတွေလည်း အတူလိုက်ပါလာတယ်လို့ မြောက်ကိုရီးယား သတင်းဌာန KCNA က ထုတ်ပြန်သွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly