အိန္ဒိယမှာ အရက်အဆိပ်သင့်ပြီး လူ ၉၀ ကျော် သေဆုံးကာ ၂၀၀ ကျော် ဆေးရုံတင်ရ

အိန္ဒိယမှာ အရက်အဆိပ်သင့်ပြီး လူ ၉၀ ကျော် သေဆုံးကာ ၂၀၀ ကျော် ဆေးရုံတင်ရ

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၃ ။        ။    အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ အဆိပ်သင့် အရက် သောက်သုံးကြပြီး အလုပ်သမား ၉၃ ဦး သေဆုံးခဲ့ကာ အခြားသူ လူ ၂၀၀ အနည်းဆုံး ဆေးရုံတင်ပို့ရကြောင်း တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။

ဥတာပရာဒေ့ရှ်နဲ့ ဥတာရာခန်း မြောက်ပိုင်းပြည်နယ်တွေမှာ အဆိပ်သင့်အရက်တွေကြောင့် လူ ၁၀၀ နီးပါး သေဆုံးပြီး သီတင်းနှစ်ပတ်တောင် မပြည့်သေးချိန်မှာ အာသံပြည်နယ်မှာ ခုလို သေဆုံးမှု ထပ်ဖြစ်လာပြန်တာပဲ ဖြစ်ပါတယ်။

“ဂိုလက်ဟတ်ခရိုင်မှာ သေဆုံးသူဦးရေဟာ ၅၃ ဦးအထိ ရှိပြီး ၇၅ ဦးက ဆေးရုံမှာ ကုသမှု ခံယူနေရတယ်။”လို့ ခရိုင်လက်ထောက်အုပ်ချုပ်ရေးမှူး ဟာဇာရီကာက ပြောပါတယ်။

အနီးက ခရိုင်ဖြစ်တဲ့ ဂျောဟတ်ခရိုင်က တာဝန်ရှိသူတစ်ဦးကလည်း သူတို့ခရိုင်မှာတော့ သေဆုံးသူ ၃၅ ဦး ရှိတယ်လို့ အတည်ပြုဆိုပါတယ်။

ခိုးချက်တဲ့ အရက်တွေကို သောက်ကြပြီး ကြာသပတေးနေ့နှောင်းပိုင်းမှာ ဒီ သောက်မိကြတဲ့သူတွေက စပြီး နာမကျန်း ဖြစ်လာကြတာဖြစ်ကြောင်း ဟာဇာရီက ဆိုပါတယ်။

အမျိုးသမီးတွေ တော်တော်များများလည်း ပါဝင်တဲ့ အခု သေဆုံးနာမကျန်းဖြစ်သူတွေဟာ ဒေသတွင်းက လက်ဖက်ခင်းတွေမှာ အလုပ်လုပ်ကြသူတွေ ဖြစ်ပါတယ်။ နာမကျန်းဖြစ်လို့ ဆေးရုံတင်ထားရသူတွေ အသည်းအသန် အခြေအနေရှိနေသူတွေကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်တယ်လို့ အထက်က တာဝန်ရှိသူနှစ်ဦးက ပြောပါတယ်။

ဒီအရက်ကို ရောင်းချတဲ့ လူတစ်ဦးကို ဖမ်းဆီးထားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီလို အရက်မျိုးတွေ မရောင်းနိုင်အောင် လုံလောက်တဲ့ ကြိုတင်ကာကွယ်မှု မရှိဘူးဆိုကာ ယစ်မျိုးဌာနတာဝန်ရှိသူနှစ်ဦးကို အာဏာပိုင်တွေက တာဝန်ကနေ ရပ်ဆိုင်းထားပါတယ်။

တောနယ်ပိုင်းတွေမှာ စျေးပေါတဲ့ ချက်အရက်တွေကို ထုတ်လုပ်နေကြပြီး အရက်ပိုပြင်းအောင်အတွက် အဲဒီ ချက်အရက်တွေမှာက အဆိပ်ဖြစ်တဲ့ ဓာတ် မြင့်မားတဲ့ မီသနောတွေ ထည့်သွင်းချက်လုပ်လေ့ရှိတာလည်း ဖြစ်ပါတယ်။

တောင်အာရုနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ အဆိပ်သင့်အရက်တွေ သောက်သုံးပြီး အများစုသော ဆင်းရဲသားပြည်သူ ရာပေါင်းများစွာ နှစ်စဉ် သေဆုံးမှုတွေ ရှိနေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly