ကျွန်တော်နှင့် သေဒဏ် ကို ပြန်လည် ခံစားကြည့်ခြင်း

ကျွန်တော်နှင့် သေဒဏ် ကို ပြန်လည် ခံစားကြည့်ခြင်း

ကျွန်တော်ဟာ ၁၉၈၉ ခုနှစ် အာဏာသိမ်း စစ်အစိုးရခေတ်(တပ်မတော်အစိုးရ) ဇူလိုင်လ ၂၇ ရက်နေ့မှာ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးအောင်ညွန့်(လေ) ဦးဆောင်တဲ့ စစ်ခုံရုံးအမှတ်( ၁ ) ကနေ တရားခံများ အပြစ်ရှိတယ်ဟု ယူဆ၍ ( ယူဆ၍ တဲ့နော် ) မသေမချင်း ကြိုးကွင်းစွပ် သတ်စေ . . .ရက်ပေါင်း ၃၀ အတွင်း အယူခံဝင်နိုင်သည် . . ဆိုပြီး သေဒဏ်အမိန့်ကို ချမှတ်ခြင်းခံခဲ့ရပါတယ်။ အဲဒီအချိန် ကျွန်တော့စိတ်ထဲမှာတော့  ဒေါသစိတ်တွေနဲ့ ဝမ်းနဲစိတ်တွေ ရောပြွန်း ခံစားမိလိုက်ပါတော့တယ်။ ဒေါသစိတ်ဖြစ်မိတာက ကျွန်တော်တို့ တကယ်အမှုကို လုံးဝ မကျူးလွန်ပါဘဲလျက် သေဒဏ် ချမှတ် ခံလိုက်ရခြင်းပဲဖြစ်ပါတယ်။ ဝမ်းနဲသွားတာကတော့ ကျွန်တော်တို့ နိုင်ငံမှာ အမှန်တရား ပျောက်ဆုံး ဆုံးရှုံးသွားတာပဲ ဖြစ်ပါတော့တယ်။ သေရမှာတော့ လုံးဝမစိုးရိမ်ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ အစိုးရဟာ အာဏာသိမ်းစစ်အစိုးရ(တပ်မေတော်အစိုးရ) ဖြစ်တာကတစ်ကြောင်း၊ ကျွန်တော်တို့ အမှုဟာ တကယ်မကျူးလွန်ပါဘဲနဲ့ မြန်မာသိ ကမ္ဘာသိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သက်သက်မဲ့ ဂုဏ်သိက္ခာကျဆင်းအောင် တမင်ရည်ရွယ်တာ ဖြစ်ကြောင်းနဲ့ မရှေးမနှောင်း တရားခံအစစ်အမှန်ကို ဖမ်းဆီးမိမှာ (သို့မဟုတ်) တကယ်ကျူးလွန်တဲ့သူနဲ့ အဖွဲ့အစည်းတွေက တစ်နေရာရာမှ အမှန်တရားကို ဖော်ထုတ်လိမ့်မယ်လို့ ယုံကြည်လို့ပဲဖြစ်ပါတယ်။

သေဒဏ်ပေးခြင်းဆိုသည်မှာ တရားရုံးမှ အပြစ်သားအပေါ် ၎င်းကျူးလွန်သော ပြစ်မှုအတွက် အမြင့်ဆုံး ပြစ်ဒဏ်ပေးခြင်းဖြစ်ပါတယ်။ သေဒဏ်ကို အင်္ဂလိပ်လို death penalty ဟုလည်းကောင်း capital punishment ဟု လည်းကောင်း ဖလှယ်သုံးလေ့ရှိပါတယ်။ သေဒဏ်ချမှတ်ပြီး အပြစ်သားအား ချက်ချင်းကွပ်မျက်ခြင်းမျိုး မဟုတ်ဘဲ အယူခံအဆင့်ဆင့် တက်ရောက်ကာ တစ်သက်တစ်ကျွန်းဒဏ်သို့ ပြောင်းလဲချမှတ်ခြင်းမျိုးဖြင့် ပြစ်ဒဏ် လျော့ပေါ့လေ့ရှိပါတယ်။ တစ်သက်တစ်ကျွန်းဆိုတဲ့ ပြစ်ဒဏ်ဆိုတာကလည်း မြန်မာနိုင်ငံမှာတော့ အနှစ် ၂၀ ကျွန်းဒဏ်၊ ၂၅နှစ် ကျွန်းဒဏ် အစရှိသဖြင့် သတ်မှတ်ထားပါတယ်။ မဆလ ခေတ်ကတော့ နောက်ဆုံးသမ္မတဆီ အယူခံဝင်ရပါတယ်။ သမ္မတက အနိုင်မပေးရင်တော့ ကြိုးပေးကွပ်မျက်ပြီသာမှတ်ပေတော့ပဲ။ ဒါကတော့ မဆလခေတ် သေဒဏ်ပေးခြင်းနဲ့ ပြစ်ဒဏ်လျော့ပေါ့ခြင်းပါပဲ။ နောက်တစ်ခုက ထောင်ထဲမှာတော့ နိုင်ငံတော်လာတယ်လို့ ခေါ်ပါတယ်၊ အပြင်မှာတော့ အကျဉ်းသားအားလုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်လို့ ခေါ်ပါတယ်။

မဆလခေတ်မှာတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာ အလွန်နည်းတာတွေ့ရပါတယ်။ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခြင်း အမျိုးအစားတွေရှိပါတယ်။ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခြင်း (Amnesty) မှာတော့   (၁) ပြစ်ဒဏ်ဆိုင်းငံ့ခြင်း (Reprieve or Suspension of Sentence)၊ (၂) ပြစ်ဒဏ် ရွှေ့ဆိုင်းခြင်း (Respite)၊ (၃) ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်ကို လျော့ပေါ့ခြင်း/ လျှော်ပစ်ခြင်း (Remmission)၊ (၄) ပြစ်ဒဏ် လျော့ချ ပြောင်းလဲပေးခြင်း (Commutation)၊ (၅) အမှုနှင့် ပတ်သက်၍ သက်ညှာခြင်း (Clemency) တို့ပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ကျင့်သုံးတဲ့ အများစုကတော့  ပြစ်ဒဏ် လျော့ချ ပြောင်းလဲပေးခြင်း (Commutation) ပဲဖြစ်ပါတယ်။ နောက်လွတ်ငြိမ်း သက်သာခွင့် လို့လည်း သုံးနှုံးပါတယ်။

အာဏာသိမ်းစစ်အစိုးရခေတ် ( တပ်မတော်အစိုးရခေတ် )မှာတော့ အမိန့်ကြေညာချက် အမှတ် ၄ / ၈၉ ဆိုပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တော့ မဆလခေတ်က ကြိုးသမား (သို့မဟုတ်) သေဒဏ်ကျ အကျဉ်းသားတွေဟာ ကြိုးမိန့်၊ သေမိန့်ကျခံရစဲစဲမှာ ရှစ်လေးလုံး အရေးတော်ပုံကြီးကြောင့် သူတို့ အသတ်မခံရတော့လို့ အရေးတော်ပုံကြီးကို အသက်လောက် ကျေးဇူးတင်ကြတာကို ကျွန်တော်မျက်ဝါးထင်ထင် တွေ့ခဲ့ဖူးပါတယ်။ ဒီအထဲမှာ KNU ကတော်လှန်ရေးသမားတွေကတော့ ၂၅ နှစ်ကျွန်းဆိုပြီး သတ်မှတ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ကျွန်တော်အပါအဝင် ရန်ကုန်တိုင်း သန်လျင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ညီညီဦးနှင့် မိုးကျော်သူတို့ကို အာဏာသိမ်းစစ်အစိုးရ ( တပ်မတော်အစိုးရ )က သန်လျင်ရေနံချက်စက်ရုံ ဗုံခွဲတယ်ဟုဆိုကာ သေဒဏ်ချမှတ်ခြင်း ခံလိုက်ရပါတယ်။

ကျွန်တော်တို့ကို သေဒဏ်ချပြီးနောက် ရန်ကုန်တိုင်းတွင်း စစ်ခုံရုံး ၅ ခုမှ သေဒဏ်တွေချလိုက်တာ ကြိုးသမားသေဒဏ်ကျ အကျဉ်းသား ၁၃၀ ကျော်ရှိပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်တော့ ၂၀၀ ခန့်ရှိနိုင်ပါတယ်။ သေဒဏ်ကျသူတွေထဲမှာတော့ ရှစ်လေးလုံးအရေးတော်ပုံအတွင်း လူသတ်မှုတွေရော လူသတ်မှုနဲ့ပတ်သက်ပြီး ဓားကိုင် တုတ်ကိုင်သူတွေရော အလောင်းကို ကိုင်ကြည့်သူတွေရော သေဒဏ်ချပစ်တာပဲဖြစ်ပါတယ်၊ မုဒိန်းလူသတ် အလောင်းဖျောက်မှု ၊ ဓားပြတိုက်လူသတ်မှု၊ ကလေးမုဒိန်းလူသတ်အလောင်းဖျောက်မှုတွေ အကုန်လုံး သေဒဏ်အမိန့် ချပစ်တာပါ။ ၁၉၉၃ ခုနှစ်ရောက်တော့ မြန်မာနိုင်ငံအတွင်းက သေဒဏ်ကျနေသူ အားလုံးကို စစ်အစိုးရ(တပ်မတော်အစိုးရ)ရဲ့ အမိန့် ၁ / ၉၃ အရ သေဒဏ်မှ အနှစ် ၂၀ သို့ ပြောင်းလဲလိုက်ပါတယ်။ တစ်ခြား ပြစ်ဒဏ်ကျ အကျဉ်းသားတွေကိုတော့ နှစ်များလျှော့ပေါ့ သတ်မှတ်ပေးပြီး နှစ်နည်းသူတွေနဲ့ လွတ်ရက်နီးသူတွေကိုတော့ တစ်ခါထဲ လွှတ်ပေးလိုက်ပါတယ်။

နောက်တစ် ၁၉၉၇  ခုနှစ်မှာ လွတ်ငြိမ်းသက်သာဆိုပြီး လာပြန်ပါပကော။ အဲဒီမှာတော့ ကျွန်တော်တို့လို နိုင်ငံတော် တစ်ခါရပြီးသား နိုင်ငံရေးသမားတွေမပါဝင်တော့ဘဲ တစ်ခြား မုဒိန်းလူသတ် အလောင်းဖျောက်အမှုတွေတော့ နှစ်တွေ ထပ်လျှော့တယ် ၊ တချို့နိုင်ငံတော် နှစ်ထပ်ကွမ်းရပြီး လွတ်သွားတယ်၊ တစ်ချို့ ရက်အနည်းငယ်နေပြီး လွတ်သွားကြပါတယ်။

တစ်ခါ ဦးသိန်းစိန်အစိုးရခေတ်မှာတော့ သေဒဏ်တွေကို ထောင့်တစ်သက် လွတ်ရက်မရှိဆိုပြီး ပြောင်းပေးလိုက်ပါတယ်။ မသတ်တော့ဘူးဆိုတဲ့သဘောပေါ့၊ ထောင်ထဲမှာပဲ ဘဝဆုံးပြီးသေပေါ့။ ထူးခြားတာက နိုင်ငံရေးအကျဉ်းသား သေဒဏ်ကျသူတွေပါ ထောင်တစ်သက် လွတ်ရက်မရှိထဲ ပါသွားပါတယ်။ ၂၀၀၆ ခုနှစ်မှာ သေဒဏ်တွေချခံရတဲ့ SSA က စိုင်းဖုန်းတင့်၊ သံချောင်း တို့လည်းပါတာပေါ့။ စစ်အစိုးရခေတ် သေဒဏ်ကျသူတွေလည်းပါဝင်ပါတယ်။ သူတို့တွေကို လက်တွေ့လေ့လာကြည့်တော့ သေဒဏ် လွတ်သွားပြီး သူတို့ကို ကြိုးပေးမသတ်တော့ဘူး ဆိုပေမယ့် ထောင်ထဲမှာပဲ လွတ်ရက်မရှိ လုံးပါးပါးကာ သေလိမ့်မယ် သေမှာပဲဆိုပြီး စိတ်ထဲမသက်မသာ ဖြစ်ကြတာကိုတွေ့ရပါတယ်။ ကျွန်တော်တို့က တစ်ဆင့်ပြီးတစ်ဆင့်နဲ့ တစ်နေ့နေ့ လွတ်မှာဖြစ်ကြောင်းပြောကာ အားပေးကြရပါတယ်။ နောက်မှာတော့ နိုင်ငံရေးကြောင့်ကျတဲ့ ကိုစိုင်းဖုန်းတင့်နဲ့ ကိုသံချောင်းတို့က သမ္မတဦးဝင်းမြင့်ခေတ် ၂၀၁၈ ဧပြီ ၁၇ ရက်နေ့မှာ အမိန့်ကြေညာချက်ထုတ်ပြီး လုံးဝ လွှတ်ပေးလိုက်ပါတော့တယ်။ တစ်ခြားရာဇဝတ်မှု နဲ့ ထောင့်တစ်သက် လွတ်ရက်မရှိသူတွေကတော့ ထောင်ထဲနေမြဲအတိုင်းပါပဲ။

ခုတစ်လောမှာတော့ ရှေ့နေကြီးဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့ကို သေနတ်နဲ့ ပစ်သတ်ခဲ့သူ ကြည်လင်းကို တရားရုံးက မသေမချင်းကြိုးကွင်းစွပ်သတ်စေအမိန့်၊ တစ်သက်တစ်ကျွန်း ကျခံစေဆိုတဲ့ အမိန့်တွေနဲ့ တိုင်းသိပြည်သိ လူတိုင်းပါးစပ်ဖျားမှာ တကယ်ရောသတ်မှာလား။ တချိန်ချိန်ပြန်လွတ်မှာလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတော့တယ်။

ခုတစ်ခါ ခုဆောင်းပါးရေးနေစဉ်မှာပဲ တောင်ငူမှာ ရက်ရက်စက်စက် လင်မယားနှစ်ယောက်ကို လျှပ်စစ်တိုင်မှ ကြွေသီးနဲ့   သားအဖနှစ်ယောက်က လမ်းပေါ်မှာ မသေမချင်းရိုက်သတ်နေတဲ့ ဗီဒီယိုဖိုင်ကို ကြည့်လိုက်ရပါတယ်။ ကျူးလွန်သူ ဦးတိုးကြည်နှင့် ၎င်း၏ သားဖြစ်သူ ရဲဝင်းတို့ကို ကေတုမတီမြို့ သစ်နယ်မြေ ရဲစခန်းမှာ (ပ) ၂၉/၂ဝ၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃ဝ၂(လူသတ်မှု)၊ ၃၂၅ (အပြင်း အထန်နာကျင်စေမှု)၊ ၁၁၄(ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှု) စတဲ့ ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားတယ်လို့ သိရပါတယ် ။

မြန်မာနိုင်ငံရဲ့ တရားဥပဒေဟာ အမှန်သေချာပြောရရင် ကျွန်တော်လည်း လိုက်မမီပါဘူးခင်ဗျာ။ လူသားတစ်ယောက်အနေနဲ့ ပုဂ္ဂလဓိဋ္ဌာန်စဉ်းစားမယ် ဆိုရင် ပြစ်မှုကျူးလွန်သူဟာ သူကျူးလွန်ခဲ့တဲ့ အတိုင်းအတာအရတော့ ပေးဆပ်ရမှာပဲဖြစ်ပါတယ်။ ကျွန်တော်စဉ်းစားတာထက် တရားရုံးက တရားသူကြီးရဲ့ ဆင်ခြင်တုံတရားဟာ ပိုလို့ အရေးပါပါတယ်။ ပြစ်ဒဏ်တွေကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီလူတွေကို လျှော့ပေးလိုက်ရင် ၊ လွှတ်ပေးလိုက်ရင် ဘာတွေဖြစ်မလဲ၊ အကယ်၍ ထောင်ထဲမှာပဲ တစ်သက်လုံးထားရင် ထောင်ထဲမှာ တစ်ခြားအကျဉ်းသားတွေကို မထူးဇာတ်ခင်းပြီး မတရားမှုတွေ ထပ်ကျူးလွန်နိုင်သလား၊ စာဖတ်သူအနေနဲ့လည်း ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ဥပေက္ခာပြုလို့ မရနိုင်တဲ့ အခြေအနေပဲ ဖြစ်နေပါတော့တယ် ။

သန့်ဇော် ( သန်လျင် )၂၂ - ၂ - ၂၀၁၉

 

Mizzima Weekly