တနင်္သာရီတိုင်းအစိုးရအနေဖြင့် ပြည်သူနှင့် ထိတွေ့မှု အားနည်းနေဟု ဒေါ်စုပြော

တနင်္သာရီတိုင်းအစိုးရအနေဖြင့် ပြည်သူနှင့် ထိတွေ့မှု အားနည်းနေဟု ဒေါ်စုပြော

ကော့သောင်း၊ဖေဖော်ဝါရီ ၁၅ ။            ။ တနင်္သာရီတိုင်းအစိုးရအဖွဲ့အနေဖြင့် ပြည်သူနှင့် ထိတွေ့မှုအားနည်းနေသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကော့သောင်း ပြည်သူလူထုတွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည်၊ ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်းတွင် ကော့သောင်းမြို့သို့ စတင်ရောက်ရှိ ခဲ့ပြီး ၁၅ ရက်နေ့တွင် မဥ္ဖူသက ခန်းမ၌ မြို့ခံပြည်သူများနဲ့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“ကျွန်မ ခပ်တိုတိုပဲ ပြောရလို့ရှိရင် ဒါဟာတိုင်းအစိုးရက ကိုယ့် အုပ်ချုပ်နေတဲ့ ဒေသမှာ ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ တင်ပြချက်တွေကို ရှင်းလင်းပြီးသား ဖြစ်နေရ ပါမယ်။ အခုက ပြည်နယ်နှင့်တိုင်းတွေကို အတော်များများ ရောက်တဲ့အထဲမှာ တနင်္သာရီတိုင်းအစိုးရအဖွဲ့ဟာ ပြည်သူတွေကို အနီးကပ် ထိတွေ့မှုဟာ ရှိသင့်သလောက် မရှိတာကို ကျွန်မ သတိထားမိပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

 ပြည်သူလူထုနှင့် တွေ့ဆုံရန် မြိတ်- ကော့သောင်းနှင့် ထားဝယ်မြို့နယ်တို့ကို ရောက်ရှိ နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိလ်သည် တနင်္သာရီတိုင်း အစိုးရအဖွဲ့ကို ဆုံးမဖို့ရောက်ရှိလာခြင်း ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့သေးသည်။

 ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်နှင့်ကော့သောင်း ခရီးစဉ်များတွင် ဒေသခံပြည်သူလူထုများသည် ၄င်းတို့၏ ကျန်းမာရေးကိစ္စများ၊ ပညာရေးကဏ္ဍများ၊ လမ်းတံတားကိစ္စအပါအဝင် ဒေသတွင်းအသေးအမွှား ကိစ္စအဝဝကို လာရောက်တင်ပြခဲ့ကြပြီး တင်ပြမှုအများစုသည် ထပ်တလဲလဲ ဖြစ်နေကြောင်းသိရသည်။ထိုကိစ္စရပ်များကို တိုင်းအစိုးရအဖွဲ့မှ ဖြေရှင်းနိုင်ပြီးသား ဖြစ်နေရမည်ဟု ကော့သောင်း ပြည်သူလူ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

 အဆိုပါခရီးစဉ်တွင် တနင်္သာရီတိုင်းအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်အပါဝင် ဝန်ကြီးတချို့၏ အဂတိလိုက်စားမှုများနှင့် တိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုးကိုလည်း အရေးယူပေးရန် မြိတ်- ကော့သောင်းနှင့်ထားဝယ်မြို့နယ်တို့မှ ပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 ထိုအပြင် ကော့သောင်းမြို့နယ်၊ မဥ္ဖူသကခန်းမ၌ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပြုလုပ်သော ပြည်သူများနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ မြို့ခံများပြည်သူမှလျှပ်စစ်မီးနှင့် ပတ်သက်သော မမှန်မကန်မှုများ၊ တင်ဒါ အောင်ထားသည့် ကုမ္ပဏီမှ သတ်မှတ်ယူနှစ်နှုန်းထားထက် မီတာခ ယူနှစ်စျေးပိုကောက်နေမှုများအား စီစစ်အရေးပေးရန် တင်ပြတောင်းဆိုမှုများ ဆန္ဒထုတ်ဖော်မှုများလည်း ရှိခဲ့သည်။

 “ကျွန်မတို့ ဦးစာပေးအနေနဲ့ စီစစ်ဆောင်ရွက် ပေးပါမယ်။ ချက်ချင်း လက်ငင်းတော့ မရနိုင်သေးပါဘူး။ ဒါပေမယ့် အမြန်ဆုံးဖြေရှင်းပေးနိုင်အောင်တော့ ကြိုးစားပေးသွားမှာ ဖြစ်တယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

တနင်္သာရီတိုင်းအတွင်းရှိ လျှပ်စစ်မီးနှင့်ပတ်သက်ပြီး၊ ထားဝယ်မြို့တွင် မီတာ ယူနစ် ၁ ယူနှစ်လျှင် ၂၀၀ ကျပ်နှုန်း ပေးဆောင်ရပြီး၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် ၁ ယူနှစ်လျှင် ကျပ်၄၀၀ ကျော်မှ ၅၀၀ ကျော် အထိ ပေးဆောင်နေရခြင်း ဖြစ်သည်။

 တနင်္သာရီတိုင်း တစ်တိုင်းလုံးအတွက် စျေးနှုန်း သက်သာသည့် လျှှပ်စစ်မီးကိုလာမယ့် ၂၀၂၀ ခုနှစ် နောက်ပိုင်းတွင် မဟာဓါတ်အား လိုင်းဖြင့်ထုတ်လွှင့်ပေးနိုင်ရန် လက်ရှိတိုင်းအစိုးအဖွဲ့မှလည်း ကြိုးစား ဖော်ဆောင်ပေးနေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လူထုတွေ့ဆုံပွဲတွင် ပြောဆိုသွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly