အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသမှာ တိုက်ခိုက်မှု ဖြစ်ပြီး အရံတပ်ဖွဲ့ဝင် ၃၃ ဦး ကျဆုံး

အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသမှာ တိုက်ခိုက်မှု ဖြစ်ပြီး အရံတပ်ဖွဲ့ဝင် ၃၃ ဦး ကျဆုံး

ဆရီနာဂါ၊ ဖေဖော်ဝါရီ ၁၅ ။            ။ အိန္ဒိယထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသမှာ ၂၀၀၂ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံး အစိုးရတပ်တွေအပေါ် တိုက်ခိုက်မှု ကြာသပတေးနေ့က ဖြစ်ပွားရာမှာ အိန္ဒိယအရံတပ်ဖွဲ့ဝင် ၃၃ ဦး ကျဆုံးပါတယ်။

ဆရီနာဂါမြို့ပြင်မှာ အစ္စလာမ္မစ်အုပ်စုက ၎င်းတို့လက်ချက်လို့ ကြေညာထားတဲ့ အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒီ အသေခံဗုံးခွဲမှုဟာ နျူကလီးယားလက်နက်ပိုင် ရန်ဖက်တွေဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်ကြားက တင်းမာမှုတွေကို ထပ်ဆင့်မီးထိုးပေးရာလည်း ရောက်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ပါကစ္စတန်ကို စစ်သွေးကြွတွေကို ထောက်ပံ့နေတယ်ဆိုပြီး ရေရှည်စွပ်စွဲနေလျက် ရှိတာပါ။

“ရဲရင့်တဲ့ ကျွန်တော်တို့ရဲ့ လုံခြုံရေးအမှုထမ်းတွေကို စတေးခဲ့ရတာဟာ အချည်းနှီး မဖြစ်စေရဘူး။”လို့ ဝန်ကြီးချုပ် မိုဒီက တွစ်တာကနေ ဖော်ပြရင်း စက်ဆုပ်ဖွယ်ကောင်းတဲ့ တိုက်ခိုက်မှုလို့လည်း ဆိုပါတယ်။

အိန္ဒိယအရံတပ်ဖွဲ့ဖြစ်တဲ့ ဗဟိုအရံရဲတပ်ရင်းက တပ်ဖွဲ့ဝင် ၂၅၀၀ နီးပါး တင်ဆောင်လာတဲ့ ယာဉ်တန်းကို ဖောက်ခွဲရေးပစ္စည်းတင် ဗင်ကားတစ်စီးက ဝင်တိုက်ပြီး အသေခံဖောက််ခွဲခဲ့တာ ဖြစ်ပါတယ်။

အရံတပ်ဖွဲ့ဝင် ၃၅ ဦးခန့် ရှိနေတဲ့ ဘတ်စ်ကားနှစ်စီးဟာ ဒီအသေခံတိုက်ခိုက်မှုကြောင့် ပေါက်ကွဲခဲ့တာပဲ ဖြစ်ပါတယ်။

အခု တိုက်ခိုက်မှုမှာ သေဆုံးသူ ၃၉ ဦး ရှိတယ်လို့ Pres Trust of India သတင်းဌာနက ဖော်ပြပြီး အခြားမီဒီယာတွေကတော့ သေဆုံးသူ ၄၀ ကျော်နိုင်တယ်လို့ ဖော်ပြထားကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly