အစ္စရေးသို့ မြန်မာခရီးသွားတွေ လာရောက်လည်ပတ်နိုင်ရေး နှစ်နိုင်ငံဆွေးနွေးနေ

အစ္စရေးသို့ မြန်မာခရီးသွားတွေ လာရောက်လည်ပတ်နိုင်ရေး နှစ်နိုင်ငံဆွေးနွေးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ။     ။   ယေရှုခရစ်တော် မွေးဖွားရာနေရာအပါအဝင် ရှေးဟောင်းယဉ်ကျေးမှုတွေရှိတဲ့ အစ္စရေးနိုင်ငံဟာ မြန်မာခရီးသွားတွေ လာရောက်လည်ပတ်ဖို့ Israel Tourism Celebration ပွဲ ကျင်းပပြီး ဖိတ်ခေါ်လိုက်ပါတယ်။

မြန်မာခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ဖေဖော်ဝါရီ ၁၃ ရက်က ရန်ကုန်မြို့ Novotel Hotel မှာ အစ္စရေးသံရုံးက ကြီးမှူးပြီး Israel Tourism Celebration ပွဲကို ကျင်းပပြုလုပ်ခဲ့တာပါ။

" ဒီနေ့ကတော့ အစ္စရေး ခရီးသွားလုပ်ငန်းရဲ့ Celebration နေ့ပါပဲ။ Tourism က အရမ်းကို အရေးကြီးတဲ့ အရာပါပဲ။ အစ္စရေးသံရုံးဟာ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပြီးတော့ လူ ၂ ယောက်ကြား၊ တိုင်းပြည် ၂ ခုအကြား ဆက်ဆံရေးကို တည်ဆောက်ပေးဖို့ပါပဲ" လို့မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး Ronen Gilor က ပြောပါတယ်။ 

ခရီးသွားလာခွင့်နဲ့ပတ်သက်ပြီး ဗီဇာ တင်းကြပ်တဲ့ အစ္စရေးနိုင်ငံက ခရီးသွားလုပ်ငန်းကို မြန်မာအစိုးရနှင့် ဆွေးနွေးမှုတွေ လက်ရှိအချိန်မှာ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

"အံ့သြစရာကောင်းတဲ့ တိုင်းပြည်ကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဒီလိုတိုင်းပြည်နဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပံ့ပိုးပေးနိုင်တာက အခြား အမျိုးမျိုးသော မြင်ကွင်းတွေ ရှာဖွေနိုင်ပါတယ်။ မြေပြင်အနေအထားအမျိုးမျိုးနဲ့ ဂျေရုဆလင်ဟာ ကြီးမားတဲ့ ပြတိုက်ကြီးတစ်ခု၊အရှေ့အလယ်ပိုင်းရဲ့ သမိုင်းတစ်ခု ၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ ယေရှုခရစ်မွေးဖွားရာ နေရာကို မြင်တွေ့နိုင်ပါတယ်" လို့  အစ္စရေးသံအမတ်ကြီးက သူ့နိုင်ငံအကြောင်းကို ပြောပါတယ်

အစ္စရေးနိုင်ငံအနေနဲ့ ခရီးသွားကဏ္ဍ၊ အခြားစီးပွားရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုလုပ်ကိုင်သွားမယ်လို့ Israel Tourism Celebration ပွဲမှာ သိရပါတယ်။

လက်ရှိအချိန်မှာတော့  အစ္စရေးနိုင်ငံသို့ မြန်မာနိုင်ငံမှ ခရီးသွားတွေ သွားရောက်လည်ပတ်မှု အနည်း အကျဉ်းသာရှိပြီး ကုန်ကျစရိတ်မှာ ဒေါ်လာ ၁ဝဝဝကျော် ဝန်းကျင်ခန့်ရှိတာကြောင့် ဘာသာရေးအရ လည်ပတ်မှုများသာ ရှိနေတယ်လို့  ပြည်တွင်းခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတစ်ချို့ထံမှ သိရပါတယ်။

အစ္စရေး နိုင်ငံခရီးစဉ်တွေကို အီဂျစ်၊ဂျော်ဒန်နိုင်ငံ ခရီးစဉ်တွေနဲ့ သွားလာနေကြပြီး အစ္စရေးသို့ သီးသန့် သွားရောက်သူ နည်းပါးနေသေးတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly