ONE: CLASH OF LEGENDS တွင် ပါဝင်သည့် ကစားသမားများ၏ စကားသံများ

ONE: CLASH OF LEGENDS တွင် ပါဝင်သည့် ကစားသမားများ၏ စကားသံများ

ONE: CLASH OF LEGENDS ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကြမည့် အားကစားသမားများကို ပွဲထုတ်သည့် စာနယ်ဇင်းတွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ W Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပါဝင်ယှဉ်ပြိုင်မည့် ကစားသမားများက လာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ယှဉ်ပြိုင် ကစားမည့် ၎င်းတို့ပွဲစဉ်အတွက် ပွဲကြို ရင်တွင်းစကားများကို ဖွင့်ဟခဲ့သည်။

Impact Arena ကွင်းကြီးအတွင်း ကျင်းပမည့် အဆိုပါ ပွဲစဉ်သည် ထိုင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ်၏ ပထမဆုံး ပြိုင်ပွဲ ဖြစ်ပြီး ထိုင်းနို်င်ငံသား ကစားသမားမြောက်များစွာသည် ONE Super Series မွေထိုင်း ပြိုင်ပွဲနှင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပွဲစဉ်အချို့ကို ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

စိတ်ဝင်စားစရာ အကောင်းဆုံး ပြိုင်ပွဲကတော့ ONE Super Series ဘန်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ကြမည့် Nong-O Gaiyanghadao နှင့် Han Zi Hao တို့ တွဲဆိုင်းပင်ဖြစ်သည်။

Nong-O အနေဖြင့် ၎င်း၏ ဘဝတွင် နောက်ထပ် ကမ္ဘာ့အဆင့် ခါးပတ်ဆုဖြင့် မွေထိုင်း ဂန္တဝင် ကစားသမားအဖြစ်မှတ်တမ်းဝင်နိုင်မည့် နောက်ဆုံး အခွင့်အရေးပင်ဖြစ်သည်။

Nong-O သည် ပွဲပေါင်း ၃၀၀ ကျော် ထိုးသတ်ခဲ့ပြီး အောင်မြင်မှု များစွာ ရရှိဖြတ်သန်းဖူးခဲ့သည်။ ၎င်းသည် လက်ရှိအချိန်တွင်လည်း အောင်မြင်မှုများကို ဆက်လက် ရှာဖွေလျက်ရှိပြီး လာမည့် စနေနေ့တွင် Han Zi Hao

ကိုအနိုင်ယူကာ သမိုင်းသစ်ရေးထိုးရန် ကြံရွယ်လျက်ရှိသည်။ 

“ကျွန်တော် အခုအချိန်မှာ ရင်တွေအရမ်းခုန်နေပြီး ပျော်ရွှင်နေပါတယ်။ ONE Championship ပြိုင်ပွဲကြီးတွေမှာ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ယှဉ်ပြိုင်တာ ကျွန်တော့်ရဲ့ ပထမဆုံး အကြိမ်ပါ။ Han Zi Hao ဟာ အရမ်းလျင်မြန်တဲ့  ကစားသမားကောင်းတစ်ဦးပါ။ ကျွန်တော်တစ်ခုပြောချင်တာကတော့ သူ့ကို ကျွန်တော် လျှော့တွက်မှာ မဟုတ်ပါဘူး။ ကျွန်တော်ရဲ့ လေ့ကျင့်မှုတွေကြောင့် သန်မာကြံ့ခိုင်နေပါပြီ။ ကျွန်တော့် ပြိုင်ဘက်ဟာ သန်မာတဲ့ လူငယ်တစ်ယောက်ပါ။ ကျွန်တော်အနေနဲ့ သူကို ဘယ်နေရာမှာမှ လျှော့မတွက်ထားပါဘူး” ဟု Nong-O က ပြောကြားသည်။

Han Zi Hao သည်လည်း ၎င်းရူးသွပ်သည့် အားကစားနည်းဖြင့် တရုတ်နိုင်ငံ ဂုဏ်ဆောင် ယှဉ်ပြိုင်ရခြင်းကို အလွန်ဂုဏ်ယူလျက်ရှိသည်။

“ဒီအချိန်ဟာ ကျွန်တော်အတွက် ချန်ပီယံဆုကို စိန်ခေါ်ရမယ့် အချိန်ပဲ။ ဒီအဓိပ္ပါယ်က ကျွန်တော်အတွက် ဖော်မပြနိုင်လောက်အောင်ပါပဲ။ Nong-O ဟာ မွေထိုင်း ကစားသမားတွေထဲက အကောင်းဆုံး ကစားသမား တစ်ဦးပါ။ နောက်ပြီး ကျွန်တော်ကိုယ်တိုင် အားကျရတဲ့ ကစားသမားလည်း ဖြစ်တယ်။ ကလေးဘဝတည်းက သူကစားတဲ့ ပွဲတွေကို ကျွန်တော် စောင့်ကြည့် အားပေးခဲ့ရတယ်။ ကျွန်တော် နှစ်ပေါင်းများစွာ ကြိုးစားလေ့ကျင့်ခဲ့ပြီးတော့မှ ကျွန်တော် လေးစားအားကျခဲ့ရတဲ့ ကစားသမားနဲ့ ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

“ဒါဟာ ကျွန်တော့်အတွက် အလွန်ဂုဏ်ယူစရာ အခြေအနေပါပဲ။ ဒီပွဲမှာ ကျွန်တော် အကောင်းဆုံး စွမ်းဆောင်ရည်ကိုပြသပြီး ချန်ပီယံခါးပတ်ကို တရုတ်ပြည်ကို ယူသွားမှာပါ။ ကျွန်တော်အနေနဲ့ ပထမဆုံး ချန်ပီယံဆုရတဲ့ တရုတ်အမျိုးသားအဖြစ် မှတ်တမ်းဝင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု Han က ပြောဆိုသည်။

ONE Super Series ၏ နောက်ထပ် ပွဲစဉ်တွင် Kongsak P.K.Saenchaimuaythaigym သည် ထိုင်းပရိသတ်များရှေ့မှောက်တွင် Alaverdi Ramazanov နှင့် ယှဉ်ပြိုင်ရင်ဆိုင်မည် ဖြစ်သည်။

“ကျွန်တော့်အနေနဲ့ ONE Championship ပြိုင်ပွဲမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရတဲ့ အတွက် အရမ်းကို ပျော်ရွှင်မိပါတယ်။ ဒီပွဲက ကျွန်တော်ရဲ့ ပထမဆုံး အကြိမ်ပါ၊ ကျွန်တော် အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါ့မယ်။ ထိုင်းလူမျိူးတွေနဲ့ ကျွန်တော်ကို အားပေးတဲ့ သူတွေ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်” ဟု Kongsak ကဆိုသည်။ 

Kongsak ၏ ပြိုင်ဘက်သည် ONE Super Series ကို ပြီးခဲ့သည့်နှစ်တွင် စတင်ယှဉ်ပြိုင်ခဲ့ပြီး ၂ ပွဲစလုံး ရင်သပ်ရှုမောဖွယ်ကောင်းအောင် ကစားပြီး အနိုင်ရရှိထားသည်။ Ramazanov အနေဖြင့် Impact Arena အားကစားကွင်းကြီးတွင် တတိယမြောက် နိုင်ပွဲရရှိလိမ့်မည်ဟု ယုံကြည်နေသည်။

“ကျွန်တော်က ရုရှားနိုင်ငံရဲ့ Dagestan ဆိုတဲ့ မြို့သေးသေးလေးကနေလာတာပါ။ မြို့က သေးပေမယ့် ကိုယ်ခံပညာ ယဉ်ကျေးမှု ဓလေ့တွေများစွာရှိတဲ့နေရာပါ”ဟု ၎င်းနေထိုင်ရာ မြို့လေး အကြောင်းကို ပြောပြသည်။

“ကျွန်တော်က အမြဲတမ်း ကိုယ့်မှာရှိတဲ့ စွမ်းရည် တိုးတက်လာဖို့ ကြိုးစားပါတယ်။ ကျွန်တော်အနေနဲ့ ဒီလို ပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင်ခွင့်ရဖို့ အမြဲတမ်း အိပ်မက်မက်နေခဲ့တာပါ။ ကျွန်တော်အိပ်မက်ကပဲ ကျွန်တော်ကို ခေါ်ဆောင်လာတာဖြစ်ပြီး ဒါကြောင့်လည်း အခုဒီနေရာကို ရောက်လာခဲ့တာပါ။ ဒီပွဲဟာ စိတ်လှုပ်ရှားစရာ ရသတွေပေးမယ့် ပွဲကောင်း ဖြစ်လာမယ်ဆိုတာတော့ ကျွန်တော် ကတိပေးနိုင်ပါတယ်” ဟု Ramazanov က ပြောကြားသည်။

ONE: CLASH OF LEGENDS ၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ တွဲဆိုင်းတွင် Shannon Wiratchai ကို အဆက်မပြတ် တိုက်စစ်ကစားဟန်ဖြင့် ပရိသတ်တွေ တဖန် ပြန်လည်မြင်တွေ့ကြရမည်ဖြစ်သည်။

“ကျွန်တော် ဒီပွဲစဉ်မှာ ပါဝင်လာပြီး ဘန်ကောက်ကို ပြန်လာခွင့်ရတာ အလွန်ပျော်ပါတယ်။ ဘန်ကောက်ဟာ ကမ္ဘာပေါ်မှာ အရမ်းလှပတဲ့ မြို့ထဲက တစ်မြို့ပါ။ လာမယ့် စနေနေ့မှာ ယှဉ်ပြိုင်ရမယ့်ပွဲမှာ ပရိသတ်တွေ ကြည့်ရကျိုးနပ်စေရမယ်လို့ အာမခံနိုင်ပါတယ်” ဟု Wiratchai က ပြောကြားသည်။

Wiratchai နှင့် ယှဉ်ပြိုင် ကစားရမည့် Tsogookhuu အတွက် ထိုင်းနိုင်ငံတွင် ကစားရခြင်းသည် ရန်သူ့ နယ်မြေ အတွင်း ချဉ်းကပ်ဝင်ရောက်ရခြင်းဖြစ်သည်။

“ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲတွေမှာ မွန်ဂိုလီယား ကစားသမားတွေ အများကြီးမရှိပါဘူး။ ဒါကြောင့် ဒီ ကိုယ်ခံပညာသိုင်းပေါင်းစုံး အားကစားလောကမှာ ကျွန်တော့်တို့ နိုင်ငံအလံပါဝင်ဖို့ တာဝန်ရှိတယ်လို့ ခံစားရတယ်။ ဒီလိုလုပ်တာ ကျွန်တော် ပထမဆုံး ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် အကျိုးသက်ရောက်မှု တစ်ခု ရှိလာမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်ဟာ မွန်ဂိုလီယား သူရဲကောင်းတွေနဲ့ ONE ဖယ်သာဝိတ် ကမ္ဘာ့ချန်ပီယံဟောင်း Narantungalag Jadambaa ရဲ့ ခြေရာနင်းနိုင်ဖို့ ကြိုးစားနေပါတယ်။ သူဟာ ကမ္ဘာ့ချန်ပီယံဖြစ်အောင် လုပ်ပြီး မွန်ဂိုလီယာ လူမျိုးတွေကို သက်သေပြခဲ့တယ်။ တစ်နေ့မှာ မွန်ဂိုလီယားနိုင်ငံသား ONE ရဲ့ ကမ္ဘာ့ချန်ပီယံ ဖြစ်လာအောင် ကျွန်တော်လည်း ကြိုးစားနေပါတယ်” ဟု ၎င်း ကဆိုသည်။

ထိုင်းနိုင်ငံ ပရိသတ်၏ အားပေးမှု အခိုင်အမာ ရရှိထားသူ Rika “Tiny Doll” Ishige ကတော့ ကမ္ဘောဒီးယား အားကစားသမား Nou Srey Pov နှင့် အက်တန်ဝိတ်တန်းတွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

Ishige သည် ONE Championship ပြိုင်ပွဲ တစ်လျှောက် လက်ရှိအချိန်အထိ ၄ပွဲအနိုင်ရရှိထားပြီး ၂ပွဲ ရှုံးခဲ့သည်။ ၎င်း၏ နောက်ဆုံးပွဲစဉ်တွင် ပထမအချီဖြင့် အနိုင်ရထားပြီးနောက် အောင်မြင်မှု မှတ်တိုင်တစ်ခုရရှိရန် ကြိုးပမ်းလျက်ရှိသည်။

“ကိုယ့်မြေ ကိုယ့်ရေမှာ ထပ်ယှဉ်ပြိုင်ခွင့်ရတဲ့ အတွက် အရမ်း စိတ်လှုပ်ရှားရပါတယ်။ ဒီနေ့ပွဲမှာ ကျွန်မ ပရိသတ်တွေနဲ့ တွေ့ခွင့်ရခဲ့လို့ အရမ်း စိတ်လှုပ်ရှားပျော်ရွှင်ရပါတယ်” ဟု Ishige က ပြောကြားခဲ့သည်။

Pov သည် ယခုပွဲစဉ်တွင် ၎င်း အားကျခဲ့ရသည့် ကစားသမား Ishige နှင့် ရင်ဆိုင်ယှဉ်ပြိုင်ခွင့်ရသည့်အတွက် ဂုဏ်ယူလျှက်ရှိသည်။

“ဘန်ကောက်မှာ လာရောက် ယှဉ်ပြိုင်ရတဲ့ အတွက် အရမ်းပျှော်ပါတယ်။ အထူးသဖြင့် အားကျခဲ့ရသည့် ကစားသမား Ishige နဲ့ ရင်ဆိုင်ရမှာမို့ပါ။ ပြိုင်ပွဲစမယ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကို ကျွန်မ စောင့်မျှော်နေပါတယ်” ဟု Pov က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly