ဦးတင်အေး၊ မီဒီယာတွေဘက် လှည့်မလာပါနဲ့

ဦးတင်အေး၊ မီဒီယာတွေဘက် လှည့်မလာပါနဲ့

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ မဲစာရင်းတွေ အမှားအယွင်း များပြားလွန်းတာ၊ မမှန် ကန်တာ စတာတွေနဲ့ ပါတ်သက်ပြီး နဂိုတုန်းက ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဟာ မဲစာရင်း သွားမကြည့်တဲ့ ပြည်သူ တွေကို အပြစ်တင်ခဲ့ပါတယ်။ သူ့အပြောကတော့ ကျုပ်တို့ ပြုစုပြီးသွားပြီ၊ ခင်ဗျားတို့ကမှ သွားမကြည့်တာ၊ သွားမ ကြည့်ရင် ကျုပ်တို့ အာမမခံနိုင်ဘူး၊ သွားမကြည့်တဲ့ ခင်ဗျားတို့ အပြစ်လို့ ကျယ်ကျယ်လောင်လောင် ပြောဆိုခဲ့ပါတယ်။ အခုတစ်ခါ မဲစာရင်း မမှန်တာ ပြည်သူတွေ သွားမကြည့်လို့၊ သွားမကြည့်ချင်အောင် မီဒီယာတွေက ရေးကြ သားကြလို့ ဆိုပြီး မီဒီယာတွေဘက်လှည့် အပစ်ပုံချတာ လုပ်လာ ပြန်ပါတယ်။ ဦးတင်အေး ဘာတွေ ပြောပြန်ပြီလဲ၊ သူပြောတာ မှန်သလား၊ မဲစာရင်း မမှန်တဲ့ ကိစ္စ မီဒီယာတွေမှာ တာဝန်ရှိသလားဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

စက်တင်ဘာ ၂၉ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်ကော်မရှင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံချိန်မှာ ခုလို မီဒီယာတွေကို အပြစ်တင်တဲ့စကား ဦးတင်အေး ပြောခဲ့တာပါ။ သူပြောခဲ့တာ အပြည့်အစုံက ခုလိုပါ။ “ မီဒီယာတွေရဲ့ အရေးအသားတွေက လုပ်သားပြည်သူများ အတွက်ပေါ့၊ ဟိုတ လောက ကျွန်တော် ဂျာမန်လူမှုရေး အဖွဲ့အစည်းတစ်ခုက အယ်ဒီတာနဲ့ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုမှာ ကျွန်တော် ပြောလိုက်ပါတယ်။ မဲစာရင်းနဲ့ ပတ်သက်ပြီး ကော်မရှင်က ကော်မရှင် အလုပ်လုပ်ပါတယ်။ လုပ်သားပြည်သူများ အလုပ်က ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ပူးပေါင်းဆောင်ရွက်ပြီး အမှန်ဖြစ်အောင် လုပ်သင့်ပါတယ်လို့ ရေးရမယ့် အစား ခင်ဗျားတို့က ကော်မရှင်ကို လာပြီး အပြစ်တင်တဲ့ အခါကျတော့ မဲစာရင်းအပေါ် အယုံအကြည်မဲ့ပြီး လာမကြည့်တော့၊ မဲစာရင်း မှန်သလား မမှန်သလားဆိုတာ မပြောနိုင်ဘူး ဖြစ်နေတယ်။”

“ ဒါကြောင့် ခင်ဗျားတို့က ဥပဒေကို နားလည်ပါ။ ဥပဒေအရ ကော်မရှင်က ပြုစုတဲ့အပေါ်မှာ လုပ်သားပြည်သူ က ပူးပေါင်း ဆောင်ရွက်ရမယ်၊ ပါတီက ပူးပေါင်းဆောင်ရွက်ရမယ်၊ လာကြည့်ပြီး မပါရင်ဖြည့်ဖို့ ပုံစံ ၃ ဖြည့်ရပါမယ်။ မှားနေရင် ပြင်ဖို့ ၄(ဂ) ဖြည့်ရပါမယ်။ ဒီလို ပူးပေါင်းဆောင်ရွက်မှ မဲစာရင်းက မှန်မှာပါ။ ဒါကို အလေးပေး မရေးပဲနဲ့ ကျွန်တော်တို့ကို မှားတယ်ဆိုပြီး အပြစ်တင်ရေးတော့ ကျွန်တော့်မှာ လည်းလုပ်ရတာခက်ခဲနေတယ်။ ဒီလိုပဲပြောလိုက်တယ်။ ပြောရရင် မဲစာရင်းအမှန်ဖြစ်ဖို့ ကျွန်တော်ကလည်း ကြိုးစားပါတယ်။ ကျွန်တော် ကြိုးစားသလောက်အရာမထင်ပဲနဲ့ မီဒီယာရဲ့ အပြောအဆိုအောက် မှာနစ်မွန်းသွားတာပေါ့” ဆိုပြီး ဖြစ်ပါတယ်။

ဦးတင်အေးဟာ ဘယ်ကိစ္စဖြစ်ဖြစ် ဥပဒေကို ကိုးကားပြောလေ့ ရှိပါတယ်။ ဥပဒေအရ ကော်မရှင်ရဲ့ အလုပ် ဟာ မဲစာရင်း ပြုစုဖို့ပဲ ဖြစ်တယ်။ မဲစာရင်း မှန်မမှန် ကော်မရှင်တာဝန် မဟုတ်ဘူး။ စစ်ဆေးဖို့ တာဝန်ရှိတဲ့ ပြည်သူတွေ ရဲ့ တာဝန် ဖြစ်တယ်ဆိုပြီး ပြောဆိုလေ့ ရှိပါတယ်။ တကယ်တော့ မဲစာရင်းပြုစုဖို့ ဆိုကတည်းက အတတ်နိုင်ဆုံး မှန်မှန်ကန်ကန် ဖြစ်အောင် ပြုစုရမယ်ဆိုတာ ဥပဒေအရ မရေးသားထားပေမယ့် နားလည်ရမယ့် ကိစ္စပါ။ မှန်ချင်မှန် မှားချင်မှား ပြုစုလိုက်ပြီဆိုရင် ဥပဒေနဲ့ ညီတယ်လို့ ကလေးကလား စကားမျိုး ဦးတင်အေး ပြောလေ့ ရှိပါတယ်။ ကောင်းပါပြီ။ မဲစာရင်း ပြုစုတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ၊ ပြည်သူတွေ၊ မီဒီယာတွေ ပါဝင်သင့်တဲ့ အခန်းကဏ္ဍ ကို ပြောပြပါ့မယ်။

ဦးတင်အေးဟာ အခု ၂၀၁၅ မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာ သိထားပြီးသား လူတစ်ယောက်ပါ။ သူတာဝန် ယူချိန်က တွက်ရင် လေးနှစ်ကျော် အချိန်ရပါတယ်။ အဲဒီ အချိန်ကတည်း ကရွေးကောက်ပွဲ လုပ်ရင် ၂၀၁၀ တုန်းက စာရင်းကို သုံးမလား၊ ဒါမှမဟုတ် သန်းခေါင်စာရင်း ပြုစုတာကို စောင့်ပြီး အဲဒီ စာရင်းက ရလာတာ သုံးမလား၊ ဒါမှမ ဟုတ် အသစ်ပြုစုမလား ဆုံးဖြတ်ထားရပါမယ်။ ပြိုင်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေနဲ့ တိုင်ပင်နိုင်သလို၊ ကိုယ့်ဖာသာ ကိုယ် ဆုံးဖြတ်ရင်လည်း ရပါတယ်။ အဲ ကိုယ့်ဖာသာကိုယ် ပြုစုဖို့ ဆုံးဖြတ်ပြီးရင်တော့ ဘယ်လို ပြုစုမလဲ စီမံချက် ရေးဆွဲ ရပါလိမ့်မယ်။

အဲဒီလို ပြုစု ရေးဆွဲမယ့် အချိန်မှာ ဘယ် စာရင်း၊ ဘယ် အထောက်အထားတွေကို အခြေခံပြီး၊ ဘယ်အချိန်မှာ ပြုစုမယ် ပွင့်ပွင့်လင်းလင်း ကြေညာ အလုပ် လုပ်ရပါမယ်။ ဒါမှ နိုင်ငံရေးပါတီ၊ မီဒီယာ နဲ့ပြည်သူတွေ သိကြမှာ ဖြစ်ပါ တယ်။ အဲလို ပြုစုတဲ့ဆီမှာ နိုင်ငံရေး ပါတီတွေ၊ ပြည်သူတွေ ဝိုင်းဝန်းပူးပေါင်း ကူညီကြပါဆိုပြီး ကြော်ညာလို့ ရပါတယ်။ နိုင်ငံရေးပါတီဆိုတာ ဒီကိစ္စ ကူညီချင်နေတာ တစ်ပိုင်း သေနေတာပါပဲ။ မဲစာရင်းမှန်ရေး မီဒီယာတွေကလည်း ဝိုင်းပြီး လှုံ့ဆော်ပေးကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဦးတင်အေး အဲလို မလုပ်ခဲ့ပါဘူး။ မဲစာရင်း ပြုစုတာကို ဘယ်သူ့ ကိုမှ မပြော၊ ဘယ်သူ့ အကြံဉာဏ်မှ မယူ၊ အားလုံး လျှို့ဝှက်ထားပြီး ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် လုပ်ခဲ့ပါ တယ်။ မှားတာ ငါ့အလုပ်မဟုတ်၊ ငါ့အလုပ်က ပြုစုရင်ပြီးရော သဘော ထားခဲ့ပါတယ်။

ဒါကြောင့်လည်း တကယ့်တကယ် ပထမအကြိမ် မဲစာရင်းကပ်တဲ့အခါ အမှားအယွင်းတွေများပြီး ပြည်သူလူထု အားလုံး၊ နိုင်ငံရေးပါတီတွေ အားလုံး၊ မီဒီယာတွေ အားလုံး အံ့သြ မင်တက် မိကြပါတယ်။ ဘယ်နိုင်ငံမှာမှ မရှိတဲ့ အခြေအနေမျိုးပါ။ တကယ်လို့သာ အဲဒီအချိန်မှာ ကျွန်တော်တို့ မဲစာရင်းပြုစုတာ အဲလို ဗရမ်းဗတာ ဖြစ်နေပြီ၊ ဘယ်လို လုပ်ရင် ကောင်းမလဲ၊ ကျွန်တော်တို့ကို အကြံပေးပါ၊ မဲစာရင်း မှန်ရေး အတူတကွ လုပ်ကြရအောင်ဆိုပြီး ရွေးကောက် ပွဲဝင်မယ့် နိုင်ငံရေး ပါတီတွေကို ဖိတ်ခေါ်ရင် အားလုံးက နည်းနာရှာ ဝိုင်းဝန်း ကူညီကြမှာပါ။ ဒါပေမယ့် ဦးတင်အေးက အဲလိုလည်း မလုပ်ခဲ့ပြန် ပါဘူး။ ငါ့လှေငါထိုး ပဲခူးရောက်ရောက် ဆက်လုပ်ပါတယ်။ ကြက်တူရွေးတစ်ကောင်လို အမြဲ တန်း ရွတ်ပြတာက မဲစာရင်း ကြည့်ကြပါ။ နာမည်မပါရင် ပုံစံ ၃ နဲ့ ဖြည့်ပေးဖို့ တောင်းပါ၊ မှားနေရင် ပုံစံ ၄ နဲ့ ပြင်ပေးဖို့ ပြောပါ။ သေပြီးသားသူတွေ ပါနေရင် ပုံစံ ၅ နဲ့ ပယ်ဖျက်ခိုင်းပါ ဒါတစ်ခုပဲ ထပ်တလဲလဲ ပြောနေတာ ဖြစ်ပါတယ်။

မီဒီယာအလုပ်ဆိုတာ မှန်ရင် မှန်တယ် ပြောဖို့၊ မှားနေရင် မှားနေတယ် ထောက်ပြဖို့၊ ဦးတင်အေး ရိုးရိုးသား သား မှားသလား၊ တမင် မသမာမှု လုပ်သလား စုံစမ်းဖော်ထုတ်ဖို့ပဲ တာဝန် ရှိပါတယ်။ အခု မီဒီယာတွေက သူ့အလုပ် သူ လုပ်နေကြတာ ဖြစ်ပါတယ်။ ဦးတင်အေးကသာ ကိုယ့်အလုပ်ကိုယ် ကောင်းကောင်း မလုပ်လို့၊ တာဝန်မကျေလို့ ဝေဖန်ခံရတာ ဖြစ်ပါတယ်။ ဒီအတွက်နောက်ဆက်တွဲဖြစ် လာနိုင်တဲ့ ပြဿနာပေါင်းများစွာ အတွက်လည်း ဦးတင် အေး တာဝန်ယူ ရပါဦးမယ်။ ဒီအတွက် လက်ကျန် အချိန်လေးအတွင်းမှာ ကိုယ်တာဝန် မကျေတာကို ဖုံးကွယ်ဖို့၊ ငြင်းဆန်ဖို့၊ တစ်ပါးသူကို အပြစ်တင်ဖို့ မကြိုးစားပဲ နိုင်ငံရေး ပါတီတွေနဲ့ အမြန်ဆုံး တွေ့ဆုံ၊ ပြဿနာတွေကို အတူ ဆွေးနွေး ညှိနှိုင်း ဖြေရှင်းဖို့ သင့်နေပြီ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags