ဘဏ်ချေးငွေနှင့် စစ်ဆေးဆဲ ဘီလီယံ ၂ဝ ကျော် အရှုပ်တော်ပုံ

By ထွန်းခိုင် & ဝင်းနန္ဒာ
13 February 2019
ဘဏ်ချေးငွေနှင့် စစ်ဆေးဆဲ ဘီလီယံ ၂ဝ ကျော် အရှုပ်တော်ပုံ
စွပ်စွဲခံရသူ ဒေါ်သူဇာမြင့်ထွန်းအား စစ်ဆေးရန် ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးသို့ ခေါ်ဆောင်လာစဉ်

 

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလနှောင်းပိုင်း နံနက်ခင်းတစ်ခုတွင်  ဦးတင်ဝင်းနှင့် သူ့ဇနီး ဒေါ်ဥမ္မာဖြူတို့သည် ရန်ကုန်မြို့လယ် မဟာဗန္ဓုလလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ CB ဘဏ် ရုံးချုပ်တွင် ထိုင်နေရင်း ချိန်းဆိုထားသည့် ဧည့်သည် ဝင်လာမည့် တံခါးပေါက်ဘက်သို့ ငေး ကြည့်နေကြသည်။  

ဦးတင်ဝင်းတို့ စောင့်မျှော်နေသူမှာ လွန်ခဲ့သော ၁၅ နှစ်ခန့်ကတည်းက ရင်းနှီးခဲ့သည့် ဒေါ်သူဇာမြင့်ထွန်း ဖြစ်သည်။ သူရောက်လာလျှင် ဘဏ်ချေးငွေ အရာရှိများနှင့် သုံးပွင့်ဆိုင် အသေးစားဆွေးနွေးပွဲတစ်ခု ပြုလုပ်ကြမည်။ သူက ကူညီခဲ့သဖြင့် ဦးတင်ဝင်းတို့လင်မယား CB ဘဏ်၏ ချေးငွေလုပ်ငန်းတွင် သိန်းပေါင်း ခြောက်သောင်းနီးပါး မြှုပ်နှံထားသည်မှာ ရက်များစွာ မကြာသေးပေ။

ဘဏ်ဧည့်ခန်းမတွင် အင်္ကျီအနီဝတ် အသက် ၅ဝ ကျော်အရွယ် အမျိုးသမီးတစ်ယောက်လည်း သူတို့ကဲ့သို့ပင် အချိန်ကြာမြင့်စွာ ထိုင်နေသည်။

နာရီအတန်ကြာ စောင့်ဆိုင်းပြီးနောက် CB ဘဏ်ချေးငွေအရာရှိ ဒေါ်စိုးစိုးသင်းက သူတို့ကို ခေါ်တွေ့ပြီး သတင်းဆိုးတစ်ခု ပြောလေသည်။ သိန်းပေါင်း ခြောက်သောင်းနီးပါး သူရင်းနှီးမြုပ်နှံခဲ့သည့် စီးပွားရေးလုပ်ငန်းမျိုး ဘဏ်တွင် မရှိဟူသော သတင်းဆိုးကြောင့် ဦးတင်ဝင်း၏စိုးရိမ်စိတ် အမြင့်ဆုံးသို့ ရောက်သွားသည်။

အပြန်အလှန် ငြင်းခုန်နေကြစဉ် ဒေါ်သူဇာမြင့်ထွန်းနှင့် ဖုန်းအဆက်အသွယ်ရသည်။ ဝေဝါးနေသည့် ပြဿနာ အဖြေပေါ်ရေးအတွက် တစ်ဘက်မှ ဒေါ်သူဇာမြင့်ထွန်းနှင့် ပြောဆိုနိုင်ရန်  ဦးတင်ဝင်းက တယ်လီဖုန်းကို ဘဏ်အရာရှိထံ ကမ်းပေးလိုက်သည်။ အဖြေကတော့ ပေါ်စပြုလာသည်။ သို့သော်လည်း ဘဏ်က ဝင်ရောက် ညှိနှိုင်းပေးနိုင်မည်မဟုတ်ဟု ဘဏ်အရာရှိက ဆိုသည်။

 “အဲ့ဒါတော့ သူနဲ့သာ ရှင်းလိုက်ပါတော့” ဟု ဘဏ်အရာရှိက ဖုန်းကိုပြန်ပေးရင်း အဖြေပေးချိန်တွင် ဦးတင်ဝင်းသည် သူ့ငွေအတွက် စိုးရိမ်စိတ်ဖြင့် ဒေါ်သူဇာမြင့်ထွန်း နေထိုင်သည့် မြယမုံအိမ်ရာသို့ လိုက်သွားရန် ဘဏ်ဧည့်ခန်းမှ အပြေးထွက်လာခဲ့သည်။

ဘဏ်ဧည့်ခန်းမထဲတွင်တော့ အင်္ကျီအနီဝတ် အမျိုးသမီးက ငြိမ်သက်စွာ ဆက်လက်ထိုင်စောင့်နေဆဲ။

ခြံအမှတ် ၃၇ တွင် စုဝေးကြခြင်း

ပုဇွန်တောင်ချောင်းကို မေးတင်ဆောက်ထားသည့် သင်္ဃန်းကျွန်းမြို့နယ်မှ မြယမုံအိမ်ရာသည် သိန်း ၃,ဝဝဝ မှ သိန်း ၁၂,ဝဝဝ အကြား ပေါက်ဈေးရှိသည့် လုံးချင်းတိုက် အလုံး ၁ဝဝ ကျော် စုဝေးရာ  လူဂုဏ်တန် ရပ်ကွက်ဖြစ်သည်။

ရန်ကုန်မြို့လယ် CB ဘဏ်ရုံးချုပ်မှ အရှေ့စူးစူး ကိုးမိုင်ခန့်အကွာရှိ အဆိုပါအိမ်ရာအတွင်း မြယမုံ ၅ လမ်း၊ ခြံအမှတ် ၃၇ သို့ ဦးတင်ဝင်းတို့ ရောက်သွားကြချိန်တွင် ဒေါ်သူဇာမြင့်ထွန်း ထိုနေရာတွင် ရှိမနေပေ။

ရန်ကုန်လမ်းညွှန်စာအုပ်တွင် ရှာဖွေပါက ထိုနေရာသည် ကားအင်ဂျင်ဝိုင် နှင့် စက်ဆီ၊ ချောဆီများ ကုန်သွယ်ရောင်းချသည့် Zay Man Taing ကုမ္ပဏီ၏ ရုံးခန်းလိပ်စာဖြစ်ကြောင်း တွေ့ရှိနိုင်သည်။ အသက် ၄ဝ ဝန်းကျင် ဒေါ်သူဇာမြင့်ထွန်းသည် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ယောက်လည်းဖြစ်သည်။ သူ့အစ်ကိုတချို့မှာ စစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာတို့တွင် အဆင့်မြင့်အရာရှိများ ဖြစ်ကြသည်။  

 

03.jpg

တစ်ချိန်က ခြံအမှတ် ၃၇ သည် Zay Man Taing ကုမ္ပဏီ၏ ရုံးခန်း ဖြစ်ခဲ့ဖူးသည် (ဓာတ်ပုံ - Myanmar Now)

တစ်ချိန်က ခြံအမှတ် ၃၇ သည် Zay Man Taing ကုမ္ပဏီ၏ ရုံးခန်း ဖြစ်ခဲ့ဖူးသည် (ဓာတ်ပုံ - Myanmar Now)

ဦးတင်ဝင်းတို့ရောက်ခဲ့ပြီး မရှေးမနှောင်းတွင် ခြံအမှတ် ၃၇ သို့ မော်တော်ကားတစ်စင်း ဝင်လာသည်။ ကားပေါ်မှ ဆင်းလာသည့် အမျိုးသမီးကို မြင်လိုက်ရချိန်တွင် သူအံ့အားသင့်သွား ရသည်။ ထိုသူမှာ CBဘဏ်ရုံးချုပ်တွင် သူတို့ တွေ့ခဲ့ရသည့် အင်္ကျီအနီဝတ် အမျိုးသမီး။

ယင်းအမျိုးသမီးက သူ့ကိုယ်သူ ဘဏ်ချေးငွေ လုပ်ငန်းတွင် သိန်းပေါင်း ၇၀,၀၀၀ ကျော် ရင်းနှီးမြုပ်နှံခဲ့သည့် ဒေါ်စန်းစန်းဝင်းဟု မိတ်ဆက်ခဲ့ပြီး သူသည်လည်း  ဒေါ်သူဇာမြင့်ထွန်းကို လာရောက်ရှာဖွေခြင်းဖြစ်သည်။

နောက်ထပ်နာရီအနည်းငယ်အကြာတွင် ခြံဝကို ရှမ်းတရုတ် တစ်ဖွဲ့ ရောက်လာပြန်သည်။  ရောက်လာသူတို့မှာ ဘဏ်ချေးငွေလုပ်ငန်းတွင် သိန်းကိုးထောင် ရင်းနှီးမြှုပ်နှံခဲ့သူများဖြစ်ပြီး ၎င်းတို့အနက် တစ်ဦးမှာ ဒေါ်ယန်ရုံလီ ဖြစ်သည်။

ဒေါ်သူဇာမြင့်ထွန်းအား ရှာဖွေနေသူများ ခြံအမှတ် ၃၇ တွင် ချိန်းဆိုမထားဘဲ စုဝေးမိခဲ့ကြပြီးနောက်တွင် ၎င်းတို့၏ ငွေများ အခြေအနေကို ၎င်းတို့ သဘောပေါက်သွားကြသည်။

ရက်အနည်းငယ်အကြာတွင် ဒေါ်စန်းစန်းဝင်းနှင့် ဒေါ်ယန်ရုံလီတို့က ဒေါ်သူဇာမြင့်ထွန်းအား ငွေကြေး လိမ်လည်မှု ရာဇသတ်ကြီးပုဒ်မ ၄၂ဝ ၊ စာချုပ်စာတမ်း အတုအပပြုလုပ်မှု ရာဇသတ်ကြီးပုဒ်မ ၄၆၈ တို့ဖြင့် သုဝဏ္ဏရဲစခန်းတွင် အမှုဖွင့်လိုက်သည်။

ရန်ကင်းမြို့နယ် အမှတ် ၃ ရပ်ကွက်မှ အဆောက်အအုံတစ်ခုကို ဒေါ်သူဇာမြင့်ထွန်းက သိန်း ၁၄,ဝဝဝ ဖြင့် ရောင်းချရန် သဘောတူခဲ့ကြောင်း၊ သိန်း ၁၃,ဝဝဝ ပေးခဲ့ပြီးနောက်ပိုင်း မြေပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် အထောက်အထားများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် စစ်ဆေးရာတွင် အတုဖြစ်နေသည်ဟု သိရခြင်းကြောင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း ၂ဝ၁၈ မတ်လ အတွင်းက ရဲမှတ်တမ်းကို ကိုးကားပြီး The Voice သတင်းဌာနက ရေးသားသည်။

ဒေါ်သူဇာမြင့်ထွန်း ထိုအချိန်မှစတင်ပြီး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည်။ သူရင်ဆိုင်နေရသည့် အမှုများသည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်နှင့် ငွေဒဏ် ချမှတ်နိုင်သည့် အမှုများ ဖြစ်သည်။

အထက်ပါအကြောင်းအရာများသည်  ၂ဝ၁၈ ဖေဖော်ဝါရီလအတွင်းက CB ဘဏ် ချေးငွေအကြောင်းပြ ငွေလိမ်ခံခဲ့ရသည်ဆိုသူတို့က ယခုနှစ် ဇန်နဝါရီလလယ်တွင် Myanmar Now ကို ပြောပြသည့် ဖြစ်စဉ်များထဲမှ တချို့တစ်ဝက်ဖြစ်သည်။

သိန်း ၆ဝဝ မှ  သိန်း ၇ဝ,ဝဝဝ အထိ လိမ်လည်ခံခဲ့ရသည်ဆိုသူ ၉ ဦးက  ၎င်းတို့၏ ဖြစ်ရပ်များကို သမ္မတထံသို့လည်း၂ဝ၁၈ နိုဝင်ဘာအတွင်း တိုင်ကြားခဲ့ကြသည်။

ကျပ် ဘီလီယံ ၂ဝ ကျော်အထိ ရှိနေသည့် ယင်းငွေကြေးအရှုပ်တော်ပုံသည် တပ်မတော်တင်ဒါ၊ CB ဘဏ်၏ ချေးငွေလုပ်ငန်းများနှင့်လည်း ဆက်စပ်နေကြောင်း တိုင်ကြားစာတွင် ရေးသားထားသည်။

တိုင်ကြားစာကို ဒေါ်စန်းစန်းဝင်း၊ ဒေါ်ဥမ္မာဖြူ၊ ဒေါ်အိမြတ်စန္ဒီ၊ ဒေါ်အေးရတနာမြင့််၊ ဦးဇေလတ်ဝင်း၊ ဦးထက်ကိုကို၊ ဒေါ်ယန်ရုံလီ၊ ဦးအောင်မျိုးထွန်း၊ ဦးဇော်မိုးဝင်း တို့က လက်မှတ် ရေးထိုးခဲ့ကြသည်။ ၎င်းတို့ ၉ ဦး၏ နောက်တွင် နာမည်ထုတ်မပြောသည့် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်ဟောင်းတချို့၏ မိသားစုဝင်များ၊ စစ်ဘက်အရပ်ဘက် အရာရှိတချို့၊ အရာရှိဟောင်းတချို့၊ လူသိများသည့် ရုပ်ရှင်သရုပ်ဆောင်တချို့၏ ရင်းနှီးမြုပ်နှံမှုများလည်း ပါဝင်ကောင်း ပါဝင်နိုင်သည်။

ယင်းအမှုကို စသုံးလုံးဟု လူသိများသည့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ကိုင်တွယ်စစ်ဆေးလျက်ရှိသည်။ တပ်မတော်တင်ဒါအကြောင်းပြ ငွေလိမ်သည်ဟု တိုင်ကြားမှုအတွက် တပ်တွင်းစုံစမ်းစစ်ဆေးမှု တစ်ခုလည်း ယမန်နှစ်က ပြုလုပ်ခဲ့သည်။

ဘဏ်ချေးငွေနှင့် မက်မောဖွယ် အမြတ်

“ဆပ်/ချေး” ဟုလည်း ခေါ်ဆိုကြသည့် ချေးငွေလုပ်ငန်းသည် ငွေကြေးအမြတ်အစွန်းများသည့် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သည်။

ဘဏ်တွင် အိမ်ခြံမြေ (သို့) ပိုင်ဆိုင်မှုတစ်ခုခုကို ပြပြီး ငွေချေးထားသူများသည် ချေးငွေသက်တမ်းပြည့်ချိန်တွင် ဘဏ်က သတ်မှတ်ထားသည့် ပမာဏကို ပြန်လည်ပေးဆပ်ရသည်။ ငွေချေးသူ၏ ဘဏ်စာရင်းအတွင်း ငွေကြေးစီးဆင်းမှု၊ အခွန်ဆောင်ထားသည့် ပမာဏ၊ လုပ်ငန်းအခြေအနေတို့ကို ကြည့်ပြီး ဘဏ်က ချေးငွေသက်တမ်းနှင့် ချေးငွေပမာဏ တိုးမည် မတိုးမည်ကို ဆုံးဖြတ်ပေးသည်။

 

သတ်မှတ်ထားသည့် အချိန်တွင် သတ်မှတ်ထားသည့် ပမာဏကို ပြန်လည်ပေးဆပ်ရန် အခက်အခဲဖြစ်နေသူတို့သည် ဆပ်/ချေးတွင် ရင်းနှီးမြုပ်နှံသူများကို ချဉ်းကပ်ကြသည်။ ဘဏ်တွင်  ချေးငွေသက်တမ်း(သို့မဟုတ်) ချေးငွေပမာဏ တိုးခွင့်ရချိန်တွင် အဆိုပါ ရင်းနှီးမြှုပ်နှံသူများသည် အရင်းရော မက်လောက်စရာ အကျိုးအမြတ်ရော ပြန်ရလေ့ရှိကြသည်။

ဆပ်/ချေးလုပ်ငန်းနှင့် နီးစပ်သူများ၏ ခန့်မှန်းချက်အရ  ၃ ရာခိုင်နှုန်းမှ ၃၆ ရာခိုင်နှုန်းအထိ အကျိုးအမြတ် ရလေ့ရှိသည်ဟု သိရသည်။

လွန်ခဲ့သည့် ၁ဝ နှစ်ခန့်ကတည်းက တရုတ်-မြန်မာ နယ်စပ်လမ်းတွင် အဓိကကျသည့် ရှမ်းပြည်နယ် မြောက်ပိုင်းမြို့တော် လားရှိုးမှ မြန်မာပြည်အောက်ပိုင်းမြို့တော် ရန်ကုန်သို့ ရွှေ့ပြောင်း အခြေချခဲ့သည့် ဒေါ်ယန်ရုံလီသည် ၂ဝ၁၈ နှစ်စပိုင်းတွင် မိတ်ဆွေတစ်ဦး၏ မိတ်ဆက်ပေးမှုဖြင့် ဒေါ်သူဇာမြင့်ထွန်းနှင့် ရင်းနှီးခဲ့သည်ဟု ဆိုသည်။

၂ဝ၁၈ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ဒေါ်သူဇာမြင့်ထွန်းက ချေးငွေ ပြန်လည်ပေးသွင်းရန်၊ ချေးငွေ သက်တမ်းတိုးရန်အတွက် CB ဘဏ်က အကြောင်းကြားသည့်စာ ၂ စောင် ပြသခဲ့ကြောင်း ဒေါ်ယန်ရုံလီက Myanmar Now ကို ပြောသည်။

ယင်းနောက် ၂ဝ၁၈ ဖေဖော်ဝါရီ ၂၁ နှင့် ၂၂ တို့တွင် ဒေါ်သူဇာမြင့်ထွန်း ပြောသည့် CB ဘဏ်ရှိ ငွေစာရင်းများ သို့ ကျပ်သိန်းပေါင်း ၉,ဝဝဝ ထည့်သွင်းခဲ့သည် ဒေါ်ယန်ရုံလီက ဆိုသည်။

အကျိုးအမြတ် ၃ ရာခိုင်နှုန်းအထိ ရမည့် ယင်းငွေကို ၂ဝ၁၈ ဖေဖော်ဝါရီ ၂၇ တွင် ပြန်ပေးမည်ဟု ဒေါ်သူဇာမြင့်ထွန်းက ကတိပြုပြီး စာချူပ် ချုပ်ဆိုခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ ငွေပြန်ရမည့်အချိန် အရောက်တွင် ဒေါ်သူဇာမြင့်ထွန်း ပေးသည့် ချက်လက်မှတ်ဖြင့် ငွေသွားထုတ်ရာ ဘဏ်က  ငွေထုတ်ပေးရန် ငြင်းဆန်ခဲ့သည်ဟု ဒေါ်ယန်ရုံလီက ဆိုသည်။

“ဘဏ်မှာ သွားစစ်လိုက်တော့ အဲ့ဒီ (ချက်လက်မှတ်) အကောင့်ထဲမှာ ပိုက်ဆံ မရှိဘူး” ဟု သူက ဆိုသည်။

ချေးငွေပြန်လည် ပေးသွင်းရန်၊ ချေးငွေ သက်တမ်း တိုးရန်တို့အတွက် ဘဏ်က ဒေါ်သူဇာမြင့်ထွန်းကို အကြောင်းကြားသည် ဟူသော စာ ၂ စောင်သည် အတုဖြစ်ကြောင်း CB ဘဏ်မှ ပြောရေးဆိုခွင့်ရှိသူများက Myanmar Now ကို အတည်ပြုသည်။

သမ္မတထံ တိုင်ကြားကြသူများအနက်မှ ၅ ဦးက ဒေါ်ယန်ရုံလီကဲ့သို့ပင် CB ဘဏ် ငွေချေးလုပ်ငန်းနှင့် ပတ်သက်ပြီး ၎င်းတို့ သိန်းသောင်းချီ နစ်နာခဲ့ကြောင်း တိုင်ကြားခဲ့ကြသည်။ ဘဏ်အရာရှိတို့သည် ငွေကြေးအရှုပ်တော်ပုံတွင် တစ်စိတ်တစ်ဒေသ ကူညီခဲ့ဖွယ်ရှိသည်ဟုလည်း ၎င်းတို့က စွပ်စွဲကြသည်။

CB ဘဏ် ပြောရေးဆိုခွင့်ရှိသူတို့က ထိုစွပ်စွဲချက်များကို ပယ်ချလိုက်ပြီး “ဘဏ်က ဘာအမှားအယွင်းမှ မရှိခဲ့ဘူး” ဟု ဇန်နဝါရီ ၂၂  ရက်နေ့က CB ဘဏ် ရုံးချုပ်တွင် Myanmar Now နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လိမ်လည်မှု စွပ်စွဲချက်များဖြင့် ရင်ဆိုင်နေရသည့် ဒေါ်သူဇာမြင့်ထွန်းသည် CB ဘဏ် ချေးငွေဝန်ဆောင်မှု၏ ဖောက်သည်တစ်ယောက် ဖြစ်သော်လည်း သူ၏ပြဿနာတွင် ဘဏ်ဘက်က ပါဝင်ခဲ့ခြင်းမရှိဟု CB ဘဏ်၏ ပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။  ဘဏ်တွင် ငွေစာရင်းဖွင့်ထားသူ အချင်းချင်း ဖြစ်ကြသည့် ပြဿနာတွင် ဘဏ်၏ ပုံရိပ် အသုံးချခံခဲ့ရခြင်းသာ ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

ယမန်နှစ်က ယင်းပြဿနာနှင့် ပတ်သက်ပြီး အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန (စသုံးလုံး/BSI)၊ မှုခင်းရဲတပ်ဖွဲ့ (CID)၊ နယ်မြေခံရဲတပ်ဖွဲ့၊ တပ်မတော်မှစုံစမ်းစစ်ဆေးရေး အရာရှိများက ဘဏ်ကို လာရောက် မေးမြန်းခဲ့ကြရာ ဘဏ်က အမှားအယွင်း မရှိခဲ့ကြောင်း ၎င်းတို့ကို သက်သေပြနိုင်ခဲ့သည်ဟု CB ဘဏ်၏ Chief Compliance Officer ဦးဦးသိန်းမြင့်က ပြောသည်။

“(ဒီငွေကြေးအရှုပ်အရှင်းက ဘဏ်နဲ့မဆိုင်ဘူး ဆိုတာ) BSI လည်း လက်ခံတယ်၊ ရဲလည်း လက်ခံတယ်၊ စစ်တပ်လည်း လက်ခံသွားတယ်။ CID လည်း လက်ခံတယ်” ဟု ၎င်းက ဆိုသည်။

သမ္မတထံ လက်မှတ်ရေးထိုး တိုင်ကြားကြသူများထဲမှ ဒေါ်ယန်ရုံလီနှင့် ဒေါ်စန်းစန်းဝင်းတို့က ၎င်းတို့သည် ဒေါ်သူဇာမြင့်ထွန်းနှင့် ဘဏ်ချေးငွေလုပ်ငန်း မလုပ်မီ CB ဘဏ် ချေးငွေဌာန အရာရှိများ၏ အတည်ပြုချက်ကို ရယူပြီးမှ ရင်းနှီးမြုပ်နှံခဲ့ကြသည်ဟု ဆိုကြသည်။

CB ဘဏ် ချေးငွေဌာန၏ အထွေထွေမန်နေဂျာ ဒေါ်စိုးစိုးသင်းကမူ ထိုအချက်ကို ငြင်းဆိုသည်။ ချေးငွေ လာရောက်လျှောက်ထားသူတိုင်းကို ဘဏ်ဝန်ဆောင်မှုကြော်ငြာ စာရွက်ပါ အကြောင်းအရာများကိုသာ ရှင်းပြခဲ့သည်ဟု ဆိုသည်။

“(သူတို့လာတုန်းက) မေးတဲ့မေးခွန်းကို မူထဲဘောင်ထဲကပဲ ဖြေခဲ့တယ်။ မူထဲဘောင်ထဲကပဲ ဖြေခဲ့တဲ့ဟာကို အခုကျတော့ သူတို့ရဲ့ ဆုံးရှုံးမှုတွေအတွက်ကို ဘဏ်ကို ဆွဲထည့်တဲ့သဘောပဲ” ဟု ဒေါ်စိုးစိုးသင်းက ပြောသည်။

ယင်းပြဿနာဖြစ်ခဲ့ပြီးနောက်တွင် CB ဘဏ်က ဒေါ်သူဇာမြင့်ထွန်း၏ ငွေစာရင်းကို ငွေသွင်းငွေထုတ် မပြုလုပ်နိုင်စေရန် ယာယီ ပိတ်ထားလိုက်သည်။

၎င်းတို့ဘဏ်၏ စာရွက်စာတမ်းအတု ပြုလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များအတွက် ဘဏ်က တရားမစွဲသော်လည်း နစ်နာသူများ တိုင်ကြားသည့် အမှုများတွင် ရဲတပ်ဖွဲ့က တောင်းဆိုသည့် အချက်အလက်တို့ကို ဥပဒေနှင့်အညီ ပေးအပ်ခဲ့ကြောင်း CB ဘဏ်၏ ပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။

ဘဏ်စနစ်ကို မကျွမ်းကျင်သေးသည့် အခြားဖောက်သည်များလည်း ယခုဖြစ်စဉ်ကဲ့သို့ လိမ်လည်သူများ၏ ပစ်မှတ် မဖြစ်စေရန်၊  ဘဏ်နှင့်သက်ဆိုင်သည့် ရင်းနှီးမြုပ်နှံမှုများတွင် ကြားပွဲစားတို့၏စကားကို မယုံကြည်ဘဲ ဘဏ်အရာရှိများကို တိုက်ရိုက်တွေ့ဆုံပြီး အတည်ပြုချက် ရယူရန်လည်း တိုက်တွန်းခဲ့သည်။

တပ်ကိုပါ ပတ်တဲ့အမှု

ငွေပမာဏ အများအပြား လိမ်လည်ခံရသည်ဟု ဆိုသူများထဲတွင် ရန်ကုန်၊ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သည့် ဒေါ်ခင်စန္ဒာလွင်လည်း ပါဝင်သည်။ ၎င်းတို့မိသားစုသည် ၂ဝ၁၇ နှောင်းပိုင်းတွင် တပ်မတော် အတွက် လိုအပ်သော တန်ချိန် ထောင်နှင့်ချီသည့် အမိုနီယံနိုက်ထရိတ်ကို Zay Man Taing ကုမ္ပဏီနှင့် ပူးပေါင်းပြီး တင်ဒါသွင်းရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။

ကျောက်မိုင်းကဲ့သို့သော လုပ်ငန်းခွင်မျိုးတွင် အသုံးပြုသည့် အမိုနီယံနိုက်ထရိတ်ကို  မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်သုံး ပေါက်ကွဲစေတတ်သောပစ္စည်း စာရင်းတွင် ထည့်သွင်းထားပြီး ခွင့်ပြုချက်မရှိဘဲ တင်သွင်း၊ သယ်ယူ၊ သိုလှောင်၊ သုံးစွဲ၊ လွှဲပြောင်း၊ လက်ဝယ်ထားရှိခြင်း မပြုရန်လည်း ကန့်သတ်ထားသည်။  

တပ်မတော်ထံ ဓာတုပစ္စည်းတင်သွင်းရန် Zay Man Taing ကုမ္ပဏီ မှ ဒါရိုက်တာ ဒေါ်သူဇာမြင့်ထွန်းသည် အဓိကကျသည့်အခန်းကဏ္ဍတွင် ပါဝင်နေပြီး တင်ဒါတင်သွင်းရန် ကြိုးစားနေစဉ် ဒေါ်သူဇာမြင့်ထွန်း၏အကို ဒုတိယဗိုလ်မှူးကြီးမောင်ဘိုနှင့်လည်း တင်ဒါကိစ္စဆွေးနွေးခဲ့ကြောင်း ဒေါ်ခင်စန္ဒာလွင်က ပြောသည်။

 

02.jpg

ဦးတင်ဝင်း၏ဇနီး ဒေါ်ဥမ္မာဖြူက သိန်းပေါင်း ၆ သောင်းနီးပါးကို ဖော်ပြပါ ဘဏ်စာရင်းများမှ လွှဲခဲ့သည်ဟုဆိုသည် (ဓာတ်ပုံ - Myanmar Now)

ဦးတင်ဝင်း၏ဇနီး ဒေါ်ဥမ္မာဖြူက သိန်းပေါင်း ၆ သောင်းနီးပါးကို ဖော်ပြပါ ဘဏ်စာရင်းများမှ လွှဲခဲ့သည်ဟုဆိုသည် (ဓာတ်ပုံ - Myanmar Now)

၎င်းတို့သည် ကုန်ပစ္စည်း တင်သွင်းမည့် ထိုင်ဝမ်ကုမ္ပဏီမှ ကိုယ်စားလှယ်များ၊ ဒေါ်သူဇာမြင့်ထွန်း၊ ဒုတိယဗိုလ်မှူးကြီးမောင်ဘိုနှင့် စားသောက်ဆိုင် တစ်ဆိုင်တွင် တွေ့ဆုံပြီး စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သည်ဟု ဒေါ်ခင်စန္ဒာလွင်က ဆိုသည်။

“တပ်မတော်က တင်ဒါရှိတယ်ဆိုတော့ ဒေါ်သူဇာမြင့်ထွန်းအစ်ကို ဒုတိယဗိုလ်မှူးကြီးမောင်ဘိုကိုလည်း ကိုယ်တိုင် မြင်ရတယ်ဆိုတော့ ယုံကြည်မိတာပေါ့” ဟု ဒေါ်ခင်စန္ဒာလွင်က Myanmar Now ကို ပြောသည်။

ဘိုဘို၊ ဘိုဘိုမြင့်ထွန်း စသည့် နာမည်များလည်းရှိသည့် အသက် ၅၇ နှစ် အရွယ် ဒုတိယဗိုလ်မှူးကြီး မောင်ဘိုသည် ထိုစဉ်က ၂ဝ၁၅ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းလိုက်သည့် ပြည်သူ့လွှတ်တော်၏ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရှိနေခဲ့သည်။ ရန်ကုန်စက်မှုတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ရရှိခဲ့သည့် ထိုအရာရှိသည် တပ်မတော် ကကလျှပ်၊ ကက(ကြည်း) တွင် အမှုထမ်းနေခဲ့သည်ဟု ပြည်သူ့လွှတ်တော်၏ ထုတ်ပြန်ချက်အရ သိရသည်။  

တပ်မတော်၏ တင်ဒါကို Zay Man Taing ကုမ္ပဏီက အောင်မြင်ခဲ့သည်ဟု သိရသဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) သို့ စပေါ်သွင်းရန် ရန်ကုန်မြို့၊ မိုးကောင်းလမ်းရှိ မြဝတီဘဏ် သို့ သွားပြီး ကုမ္ပဏီ ငွေစာရင်းထဲသို့ ၂ဝ၁၈ အစောပိုင်းတွင် ကျပ်သိန်းပေါင်း ၃,၁ဝဝ ထည့်လိုက်ကြောင်း ဒေါ်ခင်စန္ဒာလွင်၏သမီး ဒေါ်အိမြတ်စန္ဒီက ပြောသည်။

၂ဝ၁၈ ဖေဖော်ဝါရီ ၂၁ တွင်လည်း ဒေါ်သူဇာမြင့်ထွန်း ညွှန်ပြသည့် CB ဘဏ်ငွေစာရင်းထဲသို့ ဘဏ်လုပ်ငန်းချိန် ကုန်လွန်မှ ကျပ်သိန်း ၂၁၂ဝဝ ထပ်မံလွှဲပြောင်းပေးခဲ့သည်ဟု သမ္မတထံပေးစာတွင် ဒေါ်အိမြတ်စန္ဒီက ထည့်သွင်း ရေးသားခဲ့သည်။

သို့သော် ယနေ့အချိန်အထိ ယင်းငွေများ ပြန်ထွက်မလာခဲ့ဟု ဒေါ်ခင်စန္ဒာလွင်နှင့် သူ၏သမီး ဒေါ်အိမြတ်စန္ဒီ တို့ကပြောသည်။

ရက်အနည်းငယ်အကြာ ၂ဝ၁၈ ဖေဖော်ဝါရီ တတိယသတင်းပတ်တွင် ဒေါ်ခင်စန္ဒာလွင်တို့ မိသားစုသည် သူတို့နှင့် ဖြစ်ရပ်ဆင်တူသည့် ရေတပ် အရာရှိဟောင်း ဦးအောင်မျိုးထွန်းနှင့် အဆက်အသွယ်ရခဲ့သည်။   

လားရှိုးမြို့ မြန်မာ့စီးပွားရေးဘဏ်၏ လက်ထောက်အထွေထွေမန်နေဂျာလည်းဖြစ်သည့် ဦးအောင်မျိုးထွန်းသည် သူ၏မိသားစုနှင့် လုပ်ဖော်ကိုင်ဖက်များ၏ သိန်း ၈,ဝဝဝ ကို တပ်မတော်ထံ အမိုနီယံနိုက်ထရိတ် တင်သွင်းရန် ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ဆိုသည်။ ဒေါ်ခင်စန္ဒာလွင်တို့ ကြုံခဲ့ရသည့်နည်းတူ သူ၏ငွေများလည်း ယနေ့အထိ ပြန်ထွက်မလာသေးဟု  ၄၇ နှစ် အရွယ် ဦးအောင်မျိုးထွန်းက ပြောသည်။

ဦးအောင်မျိုးထွန်းသည် ဒေါ်သူဇာမြင့်ထွန်းနှင့် ကာလရှည် ရင်းနှီးခဲ့သူဖြစ်သည်။ သူနှင့် ဒေါ်သူဇာမြင့်ထွန်း၏ အစ်ကို ဒုတိယဗိုလ်မှူးကြီးမောင်ဘိုသည် တပ်ရင်းမှူးသင်တန်းကို တစ်ပတ်စဉ်တည်း တက်ရောက်ခဲ့ကြသူများဖြစ်ကြပြီး အခြားအစ်ကိုတစ်ဦးနှင့်လည်း စစ်တက္ကသိုလ်တွင် တစ်ပတ်စဉ်တည်း တက်ရောက်ခဲ့သည်၊ ယခင်ကလည်း ဒေါ်သူဇာမြင့်ထွန်း သည် အခြားလုပ်ငန်းများတွင် အတူတကွ ရင်းနှီးမြှုပ်နှံစဉ် အကျိုးအမြတ် မှန်မှန်ပေးခဲ့ဖူးကြောင်း ဦးအောင်မျိုးထွန်းက ပြောသည်။

အစပျောက်နေခဲ့သည့် တပ်မတော်တင်ဒါသတင်းနှင့် ၎င်းတို့၏အဖြစ်အပျက်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပြောပြရန် ကြိုးစားခဲ့ကြသည်။ 

တင်ဒါသည် အစစ်ဟုတ် မဟုတ် အတည်ပြုရန် ဗိုလ်ချုပ်မှူးကြီးထံ စာပို့မေးမြန်းခဲ့ကြသည်။ ထိုစာကို ဗိုလ်ချုပ်မှူးကြီး၏ စစ်ဘက်လက်ထောက်အရာရှိ အဖြစ် တာဝန်ထမ်းခဲ့ဖူးသည့် ဦးလင်းဇော်ထွန်းက ၂ဝ၁၈ ဧပြီ အစောပိုင်းတွင် နေပြည်တော်သို့ ယူသွားပေးခဲ့သည်ဟု ဦးအောင်မျိုးထွန်းက ပြောသည်။

ဗိုလ်မှူးကြီးဟောင်း ဦးလင်းဇော်ထွန်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရှမ်းပြည်နယ် မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။

“တနင်္လာနေ့မှာ တပ်ချုပ်ကြီးက ဖတ်ပြီး … အင်္ဂါနေ့မှာ ဘာလုပ်ဆိုပြီး ချက်ခြင်း အမိန့်ပေးလိုက်တာ” ဟု ဦးအောင်မျိုးထွန်းက ပြောသည်။

တပ်မတော်မှ ဗိုလ်မှူးချုပ်တစ်ဦး ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် နေပြည်တော်နှင့် ရန်ကုန်ရှိ တပ်စခန်းတချို့တွင် တိုင်ကြားသူများအား ခေါ်ယူစစ်ဆေးရာ ဒေါ်ခင်စန္ဒာလွင်၊ ဒေါ်အိမြတ်စန္ဒီ၊ ဦးအောင်မျိုးထွန်းနှင့် သူ၏နှမတို့လည်း စစ်ဆေးခံခဲ့ကြသည်။

လနှင့်ချီသည့် စုံစမ်းစစ်ဆေးမှုများအပြီးတွင် အဆိုပါတင်ဒါအောင်သည်ဆိုသည့်သတင်းသည် အတုဖြစ်ကြောင်း တပ်မတော် အဆင့်မြင့်အရာရှိများက အတည်ပြုခဲ့ကြသည်ဟု ၎င်းတို့က ပြောသည်။

ယင်းကိစ္စအတွက် တပ်မတော်ဘက်က တရားစွဲရန်မရှိသော်လည်း ကာယကံရှင်များက တရားစွဲပါက သက်သေအဖြစ် လိုက်ပါ ထွက်ဆိုပေးမည်ဟု တပ်မတော် အရာရှိတို့က ကတိကဝတ် ပေးခဲ့ကြောင်း သူက ပြောသည်။

တပ်မတော်တင်ဒါ အကြောင်းပြုပြီး ဖြစ်ပေါ်လာသည့် ငွေကြေးအရှုပ်အရှင်းတွင် ဒုတိယဗိုလ်မှူးကြီးမောင်ဘို ပါဝင်ပတ်သက်ခြင်း မရှိသော်လည်း လုပ်ပိုင်ခွင့်ထက် ကျော်လွန် လုပ်ဆောင်မှုအတွက် ရာထူး ရွှေ့ပြောင်းလိုက်သည်ဟု တပ်မတော်၏ စုံစမ်းစစ်ဆေးရေး အရာရှိများက အကြောင်းပြန်ခဲ့ကြောင်း ဒေါ်ခင်စန္ဒာလွင်၏သမီး ဒေါ်အိမြတ်စန္ဒီက ဆက်ပြောသည်။

ရာထူးရွှေ့ပြောင်းခံရသူသည် စစ်ဘက် (သို့) အရပ်ဘက် တာဝန် တစ်ခုခု ထမ်းဆောင်နေခြင်း ရှိမရှိ  ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဒုတိယဗိုလ်မှူးကြီးမောင်ဘိုထံမှ မှတ်ချက်ရယူရန် Myanmar Nowက ကြိုးစားသော်လည်း  အဆက်အသွယ် မရခဲ့ပေ။

တပ်မတော် သတင်းမှန်ပြန်ကြားရေးဌာနကို ဇန်နဝါရီလကုန်ပိုင်းတွင် ဆက်သွယ်မေးမြန်းရာ ထိုဌာနမှ  ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တင်ဒါဆိုင်ရာ ငွေကြေး အရှုပ်တော်ပုံနှင့် ပတ်သက်ပြီး မသိရှိသေးကြောင်း ပြောဆိုသည်။  

၂ဝ၁၈ မေ ၁၅ တွင် ပြည်သူ့လွှတ်တော်၏ တပ်မတော်သားအမတ် ဒုတိယဗိုလ်မှူးကြီးမောင်ဘို နေရာတွင် အခြားအရာရှိတစ်ဦးနှင့် အစားထိုးလိုက်သည်။ အစားထိုးခဲ့သည့် အကြောင်းပြချက်ကိုမူ ထုံးစံအတိုင်း ဖော်ပြခြင်း မရှိခဲ့ပါ။

ဦးအောင်မျိုးထွန်းကမူ ၎င်းတို့၏ တိုင်စာသည် ယင်းအပြောင်းအလဲနှင့် ဆက်စပ်နေနိုင်သည်ဟု ခန့်မှန်းသည်။

“(သူက လွှတ်တော်အမတ် ဆိုတော့) အကယ်၍များ တပ်ဘက်က မစိစစ်ပေးဘူးဆိုရင် လွှတ်တော်ဥက္ကဋ္ဌကို တိုင်တော့မှာ” ဟု ၎င်းက ပြောသည်။

ပြဒါးတစ်လမ်း၊ သံတစ်လမ်း

ဇန်နဝါရီ ၁၈ တွင် ဒေါ်သူဇာမြင့်ထွန်းအား ရုံးထုတ် စစ်ဆေးသည့် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးသို့ သူ၏ခင်ပွန်း ဦးကျော်ဇေယျာမျိုးလည်း ရောက်လာသည်။ တရားလိုဖြစ်သူတို့  ပေးသည့် အထောက်အထားများအရ ဦးကျော်ဇေယျာမျိုးသည် တပ်မတော်ထံ အမိုနီယံ နိုက်ထရိတ် တင်သွင်းရန် ကြိုးစားခဲ့သည်ဆိုသည့် Zay Man Taing ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် လည်း ဖြစ်သည်။

ဦးကျော်ဇေယျာမျိုးက အမှုနှင့်ပတ်သက်ပြီး ထင်မြင်ချက်ပေးရန် ငြင်းဆန်ပြီး ဇနီးသည်၏ ရှေ့နေကိုသာ မေးမြန်းရန် Myanmar Now ကို ပြောသည်။ တရားခွင်သို့ ရောက်လာသည့် ဒေါ်သူဇာမြင့်ထွန်းကိုမူ ချဉ်းကပ်ရန် အခွင့်မသာခဲ့ပါ။

ဇန်နဝါရီ ၃ဝ တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးသို့ ဦးကျော်ဇေယျာမျိုးနှင့်  ရှေ့နေတို့ ရောက်လာပြီး ဒေါ်သူဇာမြင့်ထွန်း အာမခံ ရရှိရန် လျှောက်ထားကြသည်။ ဦးကျော်ဇေယျာမျိုးကို အမှုနှင့် ပတ်သက်ပြီး ထင်မြင်ချက်ပေးရန် Myanmar Now က ပြောရာ ၎င်းက ပြန်လည် တုန့်ပြန်ခြင်း မရှိပေ။ ရှေ့နေကမူ စစ်ဆေးဆဲ အခြေအနေတွင် ရှိနေသော အမှုအတွက် မှတ်ချက်မပေးလိုကြောင်း ယဉ်ကျေးစွာ ပြန်လည် ဖြေကြားခဲ့သည်။

Zay Man Taing ကုမ္ပဏီကို တပ်မတော်တင်ဒါပြဿနာနှင့် ပတ်သက်ပြီး Myanmar Now က အီးမေးပေးပို့ မေးမြန်းခဲ့သော်လည်း အကြောင်းမပြန်ခဲ့ပါ။

လွန်ခဲ့သော တစ်နှစ် နီးပါးကတည်းက ဖြစ်ပွားနေသည့် အဆိုပါငွေကြေးအရှုပ်အရှင်း ပြဿနာကို စသုံးလုံးဟု လူသိများသည့် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနက ကိုင်တွယ်ထားပြီး ဒါဇင်နှင့်ချီသော သူများအား ခေါ်ယူစစ်ဆေးနေသည်။

ယင်းဌာန၏ ညွှန်ကြားရေးမှုး ဦးအောင်မျိုးက ဒေါ်သူဇာမြင့်ထွန်းနှင့်ပတ်သက်သည့် တိုင်ကြားမှုများကို စစ်ဆေးနေစဉ် မှတ်ချက်မပေးလိုဟု ပြောသည်။ ထို့အပြင် တိုင်ကြားမှုတိုင်းတွင် တိုင်ကြားခံရသူသည် လုံးဝ အပြစ်ရှိသည်၊ သို့မဟုတ် အပြစ်ကင်းစင်သည်ဟု မမှတ်ယူရန်လည်း လိုအပ်ကြောင်း အဆိုပါအရာရှိက ဆိုသည်။ အပြစ်ရှိမရှိသည် စုံစမ်းစစ်ဆေးမှုများ ပြီးမှ အဖြေထွက်မည်ဟု စသုံးလုံး အရာရှိက ဆိုသည်။

 

မြန်မာပြည်တွင် ငွေကြေးလိမ်လည်မှုများ မကြာခဏဖြစ်ပွားလျက်ရှိရာ ထိုကဲ့သို့ဖြစ်စဉ်များ ရှောင်ရှားနိုင်ရန် ဘဏ်လုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများတွင် ဆက်စပ်လုပ်ကိုင်နေသူ တို့သည် တတ်သိပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်များကို ချသင့်ကြောင်း၊ ကျင့်ဝတ်စည်းကမ်းများနှင့် လုပ်ငန်းပိုင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အမြဲတစေ ကျင့်သုံးသင့်ကြောင်း သြစတြေးလျနိုင်ငံအမျိုးသားတက္ကသိုလ်တွင် မြန်မာပြည်ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာကိစ္စရပ်များအား သုတေသနပြုလုပ်နေသူ ကိုနိုင်ကိုကိုက ဆိုသည်။

“မျက်မှောက်စီးပွားရေးလောကမှာ ယုံကြည်မှုကို တည်ဆောက်ခြင်းဆိုတာ အဓိကကျတဲ့ အစိတ်အပိုင်း တစ်ခုပဲ။ မြန်မာပြည်မှာတော့ စီးပွားရေးပဲဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ် ကူးလူးဆက်ဆံကြတဲ့အခါ ဒီယုံကြည်မှုဆိုတာ တော်တော်ကို ကြောက်ရွံ့စိုးရိမ်စရာ ဖြစ်လာနေပြီ။ ခြစားမှုဆိုတာ ကိုယ့်ရဲ့ပုဂ္ဂလိက အကျိုးအတွက် အပ်နှင်းထားတဲ့ အာဏာကို တလွဲ အသုံးချလိုက်တာပဲ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ရင်းနှီးမှု၊ ယုံကြည်မှု၊ လောဘ တို့က ကာလရှည်ကြာ လက်တွဲလာကြသည့် သစ္စာရှိ စီးပွားရေး လုပ်ဖော်ကိုင်ဘက်များကို ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်စေခဲ့သည်။

ဘဏ်စနစ်၊ တပ်မတော်တင်ဒါတို့ကို အသုံးချပြီး စာရွက်စာတမ်းအတုများ ပြုလုပ်ကာ ပေါ်ပေါက်လာသည် ဆိုသော မြန်မာနိုင်ငံ၏ သြဇာကြီး လူကုံထံ အဝန်းအဝိုင်းတွင် အငြင်းပွား နေသည့် ငွေကြေးပြဿနာကို တပ်၊ စသုံးလုံး၊ CID နှင့် ရဲတပ်ဖွဲ့တို့ စစ်ဆေးမှုရလဒ်များ မည်သည့်အဖြေ ထွက်ခဲ့သည် ဆိုသည်က စိတ်ဝင်စားစရာ ကောင်းနေသည်။     ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly