မက္ကဆီကို မူးယစ်ရာဇာကို နယူးယောက်တရားရုံးက အပြစ်ရှိကြောင်း စီရင်ချက်ချ

မက္ကဆီကို မူးယစ်ရာဇာကို နယူးယောက်တရားရုံးက အပြစ်ရှိကြောင်း စီရင်ချက်ချ

နယူးယောက်၊ ဖေဖော်ဝါရီ ၁၃ ။                  ။ မက္ကဆီကို မူးယစ်ရာဇာကြီး အယ်ချာပိုကို အမေရိကန် နယူးယောက်တရားရုံးက မူးယစ်မှောင်ခိုကုန်ကူးတာ အပါအဝင် စွဲဆိုချက် ဆယ်ရပ်အတွက် အပြစ်ရှိကြောင်း အင်္ဂါနေ့မှာ စီရင်ချက် ချလိုက်ပါတယ်။

အပေးအကမ်း အလွန်ရက်ရောသလို အဆိုးဝါးဆုံး အကြမ်းဖက်မှုတွေကိုလည်း ကျုးလွန်တတ်တဲ့ အယ်ချာပိုကို ခုလို အပြစ််ရှိကြောင်း စီရင်ချက် ချတဲ့အတွက် မက္ကဆီကိုမှာ  သဘောထား ကွဲလွဲမှုတွေ ဖြစ်စေပါတယ်။

တစ်ချို့က သင့်တော်တဲ့ စီရင်ချက်အဖြစ် ဆိုသလို တစ်ဖက်မှာတော့ အယ်ချာပိုဟာ လူတွေ တော်တော်များများကို ကူညီခဲ့တဲ့သူဖြစ်တဲ့အတွက် ဒီစီရင်ချက်နဲ့ မထိုက်တန်ဘူးလို့ ဆိုတဲ့သူတွေလည်း ရှိပါတယ်။

အယ်ချာပိုရဲ့ မွေးရပ်မြေ ဘာဒီရာဂွါတိုမြို့က မြို့ခံအချို့ကဆိုရင် အယ်ချာပို မရှိတော့အတွက် ဟာကွက်ဖြစ်နေပြီး အခုဆိုရင်် မြို့မှာ ငွေကြေးလည်ပတ်မှု တန့်ရပ်မှုတွေ ရှိလာကြောင်း ပြောကြပါတယ်။

မက္ကဆီကိုက ထောင်တွေကနေ ထောင်ဖောက်ပြေးနိုင်တာတွေကြောင့် နာမည်ကြီးတဲ့ အသက် ၆၁ နှစ် အယ်ချာပိုကို နှစ်ပေါင်း ၂၅ နှစ်ကျော်အတွင်း အမေရိကန်နိုင်ငံထဲ ဘိန်းဖြူ၊ ကိုကင်းနဲ့ ဆေးခြောက််တွေ တန်ချိန်များစွာ တင်သွင်းမှုနဲ့ သုံးလကြာ တရားစွဲဆို ကြားနာနေတာ ဖြစ်ပါတယ်။

အဲဒီ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးမှုအပါအဝင် ငွေကြေးခဝါချမှု၊ လက်နက်ပိုင်ဆိုင်မှုတွေနဲ့လည်း အပြစ်ရှိတယ်လို့ တရားရုံးက စီရင်ချက် ချတာ ဖြစ်ပါတယ်။

အယ်ချာပိုဟာ မက္ကဆီကို အကျဉ်းထောင်တစ်ခုကနေ ဥမင်တူးမြောင်းတူးပြီး ထောင်ဖောက်ပြေး လွတ်မြောက်ခဲ့ပြီးနောက် ၂၀၁၆ ဇန်နဝါရီမှာ ပြန်အဖမ်းခံရတာဖြစ်ပါတယ်။ သူ့ကို ၂၀၁၇ မှာ အမေရိကန်ဆီ တရားခံလွှဲပြောင်း ပေးအပ်ခဲ့တာပါ။

ကမ္ဘာမှာ သြဇာအကြီးဆုံး မူးယစ်ဂိုဏ်းတွေက ဂိုဏ်းတစ်ဂိုဏ်းဖြစ်တဲ့ ဆီနာလိုယာရဲ့ ဂိုဏ်းခေါင်းဆောင်ကြီး အယ်ချာပိုဟာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံနီးပါး ကြွယ်ဝချမ်းသာပြီး ၂၀၀၉ ခုနှစ်မှာ Forbes မဂ္ဂဇင်းက ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၇၀၁ အဆင့်အဖြစ် ထည့်သွင်းဖော်ပြခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly