မိဘပြည်သူများ ရှုံးနှင့်သည့်ပွဲ

မိဘပြည်သူများ ရှုံးနှင့်သည့်ပွဲ

၂၀၁၁ မတ် ၃၀ က တက်လာသည့် သမ္မတ ဦးသိန်းစိန်သည် ၎င်း၏ သက်တမ်းအတွင်းတွင် လစဉ်ရေဒီယို မိန့်ခွန်းများကို ပုံမှန်ပြောဆိုခဲ့သည်။ သမ္မတ၏ မိန့်ခွန်းကိုအဦးဆုံး ကြားရချိန်က “မိဘပြည်သူများ ခင်ဗျား” အစချီ အာလုတ်ဖြင့် ခေါ်ဆိုသုံးနှုန်းခဲ့ရာ အရပ်စကားနှင့် ပြောရလျှင် မိဘပြည်သူတချို့ ကြွေဆင်းသွားကြသည်။ ဤလူ သည် လူကောင်းဖြစ်သည်၊ ဤခေါင်းဆောင်သည် တိုင်းပြည်အကျိုးတကယ် လုပ်မည့်သူဟု ချက်ချင်းလက်ငင်း ကောက်ချက်ချ ထင်မြင်လိုက်သူတွေ ရှိခဲ့ကြသည်။

ယခင်က “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” ဟု ၁၉၆၂ တိုင်းပြည်အာဏာ သိမ်းပြီးနောက် တက်လာခဲ့သော စစ်အစိုးရ အဆက်ဆက်က ကိုင်စွဲခဲ့သည်။ သာမန် ပြည်သူများထက် ပိုလွန် ထူးကဲ သူများအဖြစ် စစ်ဗိုလ်ချုပ်များက ၎င်းတို့ဘာသာ ထင်မြင်ခဲ့ကြပြီး၊ အခွင့်အရေး အနည်းအပါး ရကြသူ အနီးအပါးက ကပ်မြှောင် များကလည်း မြှောက်ပေးကြသည်ဖြစ်ရာ စစ်ဗိုလ်ချုပ်များသည် မိုးကျရွှေကိုယ် အကုန်သိ အကုန်တတ်များ ဖြစ်သွားခဲ့ကြပြီး တိုင်းပြည်ကို ထင်ရာစိုင်း ပစ်ခဲ့သည်။

စစ်ဗိုလ်ချုပ်များသည် လုပ်နည်း လုပ်ဟန်ကလည်း ထက်အောက် အမိန့်ပေး၊ အမိန့်နာခံ စနစ်ဖြင့် ၎င်းတို့ နားလည်ခြင်း မရှိသော နယ်ပယ်စုံတွင် ဝင်ရောက်ပြီးနောက် တိုင်းပြည်ကို အဆင့်ဆင့် ဖျက်ဆီးပစ် ခဲ့ရာ ယခုအခါ တစ်ခေတ်တစ်ခါက အရှေ့တောင်အာရှတွင် သာမက အာရှတွင်ပါ အချမ်းသာဆုံး၊ အတိုးတက်ဆုံး၊ အဖွံ့ဖြိုးဆုံး ထိပ်တန်း နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် မြန်မာသည် အရှေ့တောင်အာရှတွင်ပင် အဆင်းရဲဆုံး တိုင်းပြည်အဖြစ်သို့ ကျရှုံး သွားခဲ့သည်။

စစ်အာဏာရှင်များသည် လက်နက်အားကိုးဖြင့် တိုင်းပြည်နှင့် လူထုကို ဆိုခဲ့ပါအတိုင်း ပိပြား ငြိမ်ဝပ်အောင် ဖိနှိပ်နင်းအုပ်ကာ စိတ်ဓာတ် ပျက်ပြားစေရန် ဖျက်ဆီးပစ်ခဲ့သည့်တိုင် မကျေနပ်နိုင်သေးပါ။ ၎င်းတို့ ဘက်တကြော့ ပြန်လည် လာမည်ကိုလည်း စိုးရွံ့ပါသည်။ ထို့ကြောင့် လုပ်ခဲ့ပြီးသော အပြစ်များကို အရေးမယူရဟု ပြဋ္ဌာန်းသည့် အပြင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင် သုံးရပ်တွင်ပါ အမြင့်ဆုံးသော အာဏာများကို လက်မ လွှတ်ဘဲ ဆက်လက် တည်မြဲ ရယူထားနိုင်ရန် ပြည်သူ မလိုလားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတင်း အကျပ် ပြဋ္ဌာန်း အသက်သွင်းခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မူကြမ်းအဆင့်မှ အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပ သည့်ရက် မတိုင်ခင် ရက်ပိုင်းအတွင်းမှာပင် ပြည်သူတစ်သိန်းခွဲ သေဆုံးပြီး၊ ပြည်သူ သန်းနှင့်ချီ ဒုက္ခရောက်ခဲ့သည့် သမိုင်းဝင် ပျက်စီးမှု အများဆုံး နာဂစ်ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခဲ့သည်။ စစ်အာဏာရှင်များသည် ထိုသို့ သော အချိန်အခါမှာပင် လူထုကို မငဲ့ကွက်ဘဲ ၎င်းတို့ အကျိုးစီးပွားအတွက် မဖြစ်မနေ မလျှော့သော ဇွဲလုံလဖြင့် စစ်အာဏာရှင်စနစ်ကို အခြေခံ ဥပဒေဘောင်အတွင်း သွတ်သွင်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့သောစကားမတည်၊ မတရားသောဥပဒေများဖြင့် လူထုကိုဆယ်စုနှစ် အဆက်ဆက်ချီပြီး ဖိနှိပ်အုပ်စီးခဲ့သူ အပေါ်စီးယူတတ်သူများက မိဘပြည်သူများဟု ခေါ်လိုက်ချိန်တွင် လုပ်ခဲ့သမျှ ကိုမေ့ပျောက်နိုင် သူများမှာ ပြည်သူများသာ ဖြစ်ပါသည်။ ပြည်သူများသည် မေ့လွယ်ပျောက်လွယ် ကျေလွယ်အေးလွယ် နူးညံ့သိမ်မွေ့သူများ ဖြစ်ပါသည်။ စစ်အစိုးရ အဆက်ဆက် စစ်အာဏာရှင်များက စိတ်ဓာတ်များ ပျက်ပြားအောင် နည်းစုံသုံး၊ သွေးခွဲ ဖျက်ဆီးစေကာမူ အကောင်းအဆိုး၊ အမှန်အမှား၊ တရားမတရားကို နားမလည်လောက်အောင် ကင်းလွတ်မ သွားကြပါ။ လူဆိုးလူကောင်း၊ အမည်းအဖြူ၊ အပြောချို အပြောမှန် ခွဲခြား နိုင်ကြပါသေးသည်။

လာမည့် နိုဝင်ဘာ ၈ တွင် ကျင်းပမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် နောင်ငါးနှစ်စာ သက်တမ်း တစ်ခုအတွက် သက်သက်သာ မဟုတ်ဘဲ ခေတ်ပြောင်းခေတ်လွဲ ရွေးကောက်ပွဲ ဖြစ်သည်ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင် ပြည်သူများကို တပ်လှန့် နှိုးဆော်ထားသည်ကို တွေ့ရသည်။

သို့သော် လက်ရှိ ကြုံတွေ့နေရသော မဲစာရင်း အလွဲအချော် အမှားအယွင်းများ၊ မဲဆွယ် စည်းရုံးရေးကာလ ရက်ပေါင်း ၆၀ တွင်း တရားမဲ့ ပြုကျင့်မှုများ၊ လက်ရှိအစိုးရက နောက်သက်တမ်း ဆက်ရှိနိုင်ရန် အကွက်ချ ကြိုးပမ်း ချက်များကို တစ်နေ့ထက်တစ်နေ့ ကွက်ကွက်ကွင်းကွင်း ပိုမို တွေ့မြင်နေရသည်ဖြစ်ရာ သမ္မတ ဦးသိန်းစိန်၏ လစဉ် ရေဒီယိုမိန့်ခွန်းအစ အာလုတ်စကားဖြစ်သော “မိဘပြည်သူများ” မှာ ရွေးကောက်ပွဲ ရလဒ် မပေါ်ထွက်မီ ယခုက တည်းက ရှုံးနှင့်နေပြီး ဖြစ်သည်ဟု မဇ္ဈိမက ရှုမြင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags