နောက်တစ်ဆင့်တက်ရောက်မည့် ကစားသမားမှာ မိမိသာဖြစ်ကြောင်း Jo Nattawut ပြိုင်ပွဲအကြိုစိတ်ဓာတ်စစ်ဆင်ရေးစကားဆို

နောက်တစ်ဆင့်တက်ရောက်မည့် ကစားသမားမှာ မိမိသာဖြစ်ကြောင်း Jo Nattawut ပြိုင်ပွဲအကြိုစိတ်ဓာတ်စစ်ဆင်ရေးစကားဆို

အာရှတိုက်နိုင်ငံများတွင် ပရိသတ်စိတ်ဝင်စားမှု အခိုင်အမာရရှိထားသည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အဖွဲ့အစည်း One Championship ၏ ကစားသမားဖြစ်သူ မွေထိုင်းကစားသမား Jo Nattawut သည် ONE: CLASH OF LEGENDS ပြိုင်ပွဲကြီးအတွက် ယုံကြည်မှုအပြည့်နှင့်အတူ အကောင်းဆုံး ယှဉ်ပြိုင်ထိုးသတ်နိုင်မည်ကို ယုံကြည်ကြောင်း၊ ၎င်းနှင့် ကစားရမည့်ပွဲအပြီးတွင် လက်ရှိအဆင့်ထက်ပိုသည့် နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရရှိမည့် ကစားသမားမှာ မိမိသာဖြစ်ကြောင်း ပြိုင်ပွဲအကြို စိတ်ဓါတ်စစ်ဆင်ရေး စကားဆိုခဲ့သည်။

လာမည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် ONE: CLASH OF LEGENDS ပြိုင်ပွဲကြီးတွင် မွေထိုင်းကစားသမား Jo Nattawut နှင့် ပြင်သစ်လူမျိုး မွေထိုင်းကစားသမား Samy Sana တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည့် အဓိကတွဲဆိုင်းအပါအဝင် ပွဲစဉ်ပေါင်း ၁၂ပွဲ အထိ ပါဝင်ဖြစ်ကြောင်း ONE Championship မှအတည်ပြု သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။

“ Samy Sana က တကယ်ကို ကစားသမားကောင်းတစ်ဦးပါ။ ပြိုင်ဘက်တိုင်းကို အမြဲတမ်းတိုက် စစ်ဖွင့်ပြီးကစားလေ့ရှိတဲ့ ကစားသမားတစ်ဦးလို့ ပြောလို့ရပါတယ်။ အမှန်အတိုင်းပြောရရင် ဒီအခြေအနေကို တကယ်ကျေနပ်မိပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ပြိုင်ဘက်ကို အမြဲတမ်းတိုက်စစ်ဖွင့်ကစားလေ့ရှိတဲ့ သူဖြစ်တဲ့အတွက် ဖျော်ဖြေမှုရသအပြည့် ပေးနိုင်မယ်လို့လည်းယုံကြည်ပါတယ်။ ပွဲတိုင်းကို အကောင်းဆုံးပုံစံရှိချင်တာတော့အမှန်ပါ။ ပြိုင်ပွဲပြီးဆုံးချိန်မှာ အခု ထက်မြင့်တဲ့အဆင့်တစ်ဆင့်ကိုတက်ရောက်မယ့် ကစားသမားအဖြစ်ရပ်တည်နိုင်မှာပါ ” ဟု Jo Nattawut ကဆို ခဲ့သည်။

အဆိုပါပွဲစဉ်တွင်ယှဉ်ပြိုင်ထိုးသတ်မည့် ထိုင်းမွေထိုင်း ကစားသမား Jo Nattawut သည်  Lion Fight ပြိုင်ပွဲနှင့် WMC မွေထို င်းလက်ဝှေ့ပြိုင်ပွဲများတွင် ကမ္ဘာ့ချန်ပီယံအဖြစ်ရပ်တည်နေခဲ့သူဖြစ်ပြီး ပြင်သစ်လက်ဝှေ့ကျော် Samy Sanaမှာလည်း မွေထိုင်းကမ္ဘာ့ချန်ပီယံ ၃ကြိမ်၊ Kickboxing ကမ္ဘာ့ချန်ပီယံ ၁ကြိမ်ရရှိခဲ့သူဖြစ်သည်။

၎င်းတို့ နှစ်ဦး၏ ပွဲစဉ်မှာအနိုင်ရရှိသည့် ကစားသမားအနေဖြင့် ONE Championship ၏ Super Series Kickboxing Featherweight ကမ္ဘာ့ချန်ပီယံအတွက် မျှော်လင့်ချက်ရှိလာမည်ဖြစ်ကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly