ဖေဖော်ဝါရီလ ၁၀ ရက် ။ ။ ပုဏ္ဏားကျွန်းမြို့တွင် လုံခြုံရေးယာဉ်တန်းကို ဗီဒီယိုရိုက်ကာ လူမှုကွန်ယက်ပေါ်တင်ခဲ့သူအား စစ်ဆေးပြီး အမှုဖွင့်အရေးယူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၇ ရက် ည ၈ နာရီခွဲခန့်တွင် ပုဏ္ဏားကျွန်းမြို့နေ ဇော်ဝင်းနိုင်ဆိုသူမှ Ko Zaw Win Naing အကောင့်အမည်ဖြင့် ၎င်း၏လူမှုကွန်ရက်၌ စစ်တွေမှ မြောက်ဦးဘက်သို့ ထွက်ခွာလာသော ရဲတပ်ဖွဲ့၏ လုံခြုံရေးယာဉ်တန်းအား ဗွီဒီယိုမှတ်တမ်းရိုက်ကူး၍ ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ရေးသားဖော်ပြခဲ့မှုအပေါ် စစ်ဆေးခဲ့ရာတွင် တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားသွားလာမှုအား လုံခြုံရေး ကျိုးပေါက်စေရန် အကြံဖြင့်လည်းကောင်း၊ အကြမ်းဖက် အဖွဲ့အစည်း(သို့)မတရားအသင်းအဖွဲ့အစည်း တစ်ခုခု အား သိရှိနိုင်စေရန် ရည်ရွယ်၍လည်းကောင်း ရေးသားဖော်ပြခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့်ဇော်ဝင်းနိုင်(ဖမ်းမိ)အား ပုဏ္ဏားကျွန်းမြို့မရဲစခန်း (ပ) ၁၀/၂၀၁၉၊ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည်ပေ့ချ်မှ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။
လက်ရှိ၌ ရခိုင်ပြည်နယ်တွင်း AA နှင့် တပ်မတော်တို့ကြား တိုက်ပွဲများ ဖြစ်ပေါ်နေပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသအချို့တွင် ၂၀၁၇ ခုနှစ် ARSA အကြမ်းဖက်မှု ဖြစ်စဉ်များအပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။