မန်းရွှေစက်တော်ဘုရားအနီး မီးလောင်မှုဖြစ်ပွား

မန်းရွှေစက်တော်ဘုရားအနီး မီးလောင်မှုဖြစ်ပွား

မင်းဘူး၊ ဖေဖော်ဝါရီ ၉ ။            ။ မကွေးတိုင်းဒေသကြီး မင်းဘူး၊စကုမြို့နယ်၊ မန်းရွှေစက်တော်ဘုရားအနီး ဘုရားကျေးရွာတွင် ဖေဖော်ဝါရီလ ၉ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ကနဦး သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဘုရားကျေးရွာတောင်ဖက် ကွက်သစ်ကုန်းတွင် နေထိုင်သော ဒေါ်မြင့်မြင့်သိန်း၏ နေအိမ် မီးဖိုမီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းကြောင်း ယူဆခဲ့ကြပြီး လူနေအိမ် ထရံကာ၊ သက်ကယ်မိုး သုံးပင်အိမ် (၄)အိမ် မီးလောင်ကျွမ်းခဲ့ကြောင်း အဆိုပါကျေးရွာတွင်နေထိုင်သော ဦးသန်းထွန်း၏ ပြောပြချက်အရ သိရသည်။

"မီးစလောင်တော့ အိမ်ရှင်မရှိဘူးလို့သိရပါတယ်။ မီးလောင်သံကြားတာနဲ့ချက်ခြင်း ကျေးရွာပြည်သူလူထု(၅၀)ဦးခန့်၊ မန်းရွှေစက်တော်ဘုရားက မီးသတ်ကား(၂)စီး၊ မီးသတ်ဦးစီးဌာနဝန်ထမ်း(၂၀)နဲ့အရံမီးသတ်(၃၀)ခန့် ဝိုင်းငြှိမ်းသတ်လို့ ညနေ ၅နာရီ၃ဝမိနစ်လောက်မှာ ငြိှမ်းသတ်နိုင်ခဲ့ပါတယ်" ဟု ဦးသန်းထွန်းက ဆိုသည်။

အဆိုပါ မီးလောင်မှုကြောင့် လူတိရိစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း မီးလောင်မှုအား သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ဘုရားကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်လွင်က ပြောသည်။

"ဒီနေ့ ရွှေစက်တော်ဖွင့်ပွဲနေ့လေ မီးလောင်တယ်ဆိုတာ အထိတ်တလန့်တော့ ဖြစ်ကြတာပေါ့။ တော်သေးတယ်။ မီးနိုင်သွားတာကိုပဲ ကျေးဇူးတင်ရပါတယ်"ဟု ရွှေစက်တော်သောင်ပြင်စျေးသည် တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly