နာမည်ကြီးကလပ် ဖာလာမင်ဂိုအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ သောကြာနေ့က မီးအကြီးအကျယ် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာကနေ လူ ၁၀ ဦး သေဆုံးခဲ့ပြီးနောက် ဘရာဇီးလ်ကလပ်အသင်းဟာ ဝမ်းနည်းပူဆွေးနေခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
အဆိုပါမီးလောင်မှုဟာ ရီယိုဂျနရိုမြို့ရဲ့ အနောက်ဇုန် ဗာဂျင်ဂရန်းဒီက ဖာလာမင်ဂိုအသင်း လေ့ကျင့်ကွင်းစင်တာရှိ အဆောက်အဦးတစ်လုံးမှာ သောကြာနေ့မနက်စောပိုင်းက ဖြစ်ပွားခဲ့တာပါ။ အဲဒီနေရာမှာ အသက် ၁၄ နှစ်မှ ၁၇ နှစ်ရှိ လူငယ်ကစာသမားလေးတွေ နေထိုင်ကြတယ်လို့ မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။
ရီယိုရဲ့ လက်ထောက်မြို့တော်ဝင် ကလောက်ဒီရို ကက်စထရိုက "အဲဒီနေရာမှာ သေဆုံးသွားတဲ့ သူတွေထဲ လူငယ်ကစားသမားတွေနဲ့ ဝန်ထမ်းတွေပါရှိတယ်"လို့ ပြောပါတယ်။
SporTV ရုပ်သံကတော့ ကစားသမား ၆ ဦးအပါအဝင် ဝန်ထမ်း ၄ ဦး အသက် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ကလပ်အသင်းမှာ လူငယ်အများစုဟာ ဒေသခံတွေပဲ မဟုတ်ကြဘဲ တစ်နိုင်ငံလုံးမှာ လာရောက်ကြသူတွေလည်းဖြစ်ပါတယ်။
လူသေဆုံးမှုတွေရှိခဲ့တဲ့အပြင် ၃ ဦးပါ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကိုတော့ ချက်ချင်းမသိရှိရသေးပေမယ့် ဒေသခံသတင်းစာ Extra က မီးလောင်မှုဟာ လေအေးပေးစနစ်ကနေ စတင်ခဲ့တာဖြစ်ကြောင်း မျက်မြင်သက်သေတွေက ပြောဆိုထားတယ်လို့ ဖော်ပြပါတယ်။
"ဒါဟာ ကလပ်အသင်းရဲ့ ၁၂၃ နှစ်တာကာလအတွင်း အဆိုးဆုံးဖြစ်ရပ်ဆိုးဖြစ်တယ်"လို့ အခင်းနေရာကို လာရောက်ခဲ့တဲ့ ဖာလာမင်ဂိုအသင်း ဥက္ကဋ္ဌ ရိုဒိုဖိုလ် လမ်ဒင်းက ပြောပါတယ်။
"ဖာလာမင်ဂိုအသင်းဟာ ဝမ်းနည်းကြေကွဲနေကြောင်း" ကလပ်အသင်းက သူတို့ရဲ့ လှုမှုကွန်ရက်မီဒီယာတွေမှာ ရေးသားခဲ့ပါတယ်။
ဘရာဇီးဂန္တဝင်ကစားသမားကြီး ပီလီကလည်း "ဒါဟာ ဘရာဇီးလ်ဘောလုံးလောကအတွက် အလွန်ဝမ်းနည်းစရာကောင်းတဲ့ နေ့တစ်နေ့ဖြစ်တယ်"လို့ ပြောပါတယ်။
နိုင်ငံရဲ့ လက်ရှိနာမည်အကြီးဆုံး ကြယ်ပွင့်ကစားသမား နေမာက သူစိတ်မကောင်းဖြစ်မိကြောင်း သူရဲ့ Instagram အကောင့်မှာ ရေးသားထားတယ်လို့ သိရပါတယ်။
Ref; AFP