ရခိုင်တပ် -AA နှင့် ဆက်သွယ်ဟုဆိုကာ မင်းပြားအုပ်ချုပ်ရေးမှူးကို အလုပ်နှင့် ထောင် ၃နှစ်ချလိုက်

ရခိုင်တပ် -AA နှင့် ဆက်သွယ်ဟုဆိုကာ မင်းပြားအုပ်ချုပ်ရေးမှူးကို အလုပ်နှင့် ထောင် ၃နှစ်ချလိုက်

စစ်တွေ၊ အောက်တိုဘာ ၁ ။ ။ ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်နွယ်သည်ဆိုပြီး မတရားအသင်း အက်ဥပဒေပုဒ်မ - ၁၇ (၁) ဖြင့် မင်းပြားမြို့နယ် လဟာပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ကို မင်းပြားတရားရုံးက စက်တင်ဘာ ၃၀ရက်တွင် အလုပ်နှင့်ထောင်ဒဏ် ၃နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း အမှုလိုက်ပါ ဆောင်ရွက်ပေးသူ တရားလွှတ်တော် ရှေ့နေ ဒေါ်အေးနုစိန်က ပြောကြားသည်။

"မနေ့က မင်းပြားတရားရုံးက ဦးဝင်းမောင်ကို အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ကျမက မကျေနပ်လို့ မြောက်ဦးခရိုင်မှာ လာမည့် ရက်ပေါင်း ၃၀ အတွင်း အယူခံဝင်သွားပါမယ်။ ဘယ်နေ့ဝင်မလဲဆိုတာ မသိရသေးပါ။ " ဟု ပြောသည်။

တရားစွဲဆိုခံရသည့်အချိန်က ဦးမျိုးကျော်နှင့် ဦးဝင်းမောင်တို့ နှစ်ဦးဖြစ်ပြီး စွဲချက်တင်ပြီး သိပ်မကြာသည့်အချိန်တွင် တရားစွဲဆိုသည့်အဖွဲ့က ဦးမျိုးကျော်အား အမှုကို ရုပ်သိမ်းလိုက်ကြောင်း ဆိုသည်။

ထောင်ဒဏ်ချက်မှတ်ခံရသည့် ဦးဝင်းမောင်အား ပြီးခဲ့သည့် ဧပြီလအတွင်း တပ်မတော်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အလားတူ ကျောက်တော်တရားရုံးတွင် ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်သွယ်သည်ဆိုပြီး မတရားအသင်းပုဒ်မဖြင့် ၁၆ ဦး အမှုရင်ဆိုင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ကျောက်တော်မြို့နယ် ပီချောင်းကျေးရွာ၊ ကုလားချောင်းကျေးရွာ စသည့်ကျေးရွာများတွင် ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာအစိုးရ စစ်တပ်တို့ တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒေသခံ ၅၀၀ ခန့်မှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း၊ ယခုပြန်လည် ကျေးရွာများသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ထွက်ပြေးခဲ့ရသည့် လင့်ဇင်သင့် ကျေးရွာက ကျောင်းထိုင်ဆရာတော်က မိန့်ကြားခဲ့သည်။

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly