စည်ပင်ရွေးကောက်ပွဲတွင် NLD ပါတီဝင် ၉၃နှင့် USDPပါတီဝင် ၄၁ဦးဝင်ရောက်ယှဉ်ပြိုင်မည်

07 February 2019
စည်ပင်ရွေးကောက်ပွဲတွင် NLD ပါတီဝင် ၉၃နှင့် USDPပါတီဝင် ၄၁ဦးဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်၊ဖေဖော်ဝါရီ ၇ ။            ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်း ၉၃ဦး ဝင်ပြိုင်မည်ဖြစ်ပြီး ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၄၁ဦးပါဝင် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း စည်ပင်သာယာရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။

" NLD ပါတီအနေနဲ့ ဝင်ပြိုင်တဲ့ ဦးရေက ၉၃ယောက်၊ ကော်မတီ ဝင်လည်းပါမယ်၊မြို့နယ် ဥက္ကဋ္ဌထဲမှာလည်း ပါမယ်။အဖွဲ့ဝင်(၁)လည်းပါမယ်၊အဖွဲ့ဝင်(၂)လည်းပါမယ်။ ကြံ့ခိုင်ရေးကတော့ ၄၁ယောက်၊ကျန်တဲ့ ၁၄၃ယောက်ကတော့ တစ်သီးပုဂ္ဂလပေါ့။ " ဟု  စည်ပင်သာယာရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။

လာမည့် မတ်လ ၃၁နေ့တွင် ကျင်းပမည့် စည်ပင်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် စုစုပေါင်း၂၇၇ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကော်မတီဝင်နေရာများအတွက် ပါဝင်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်များသည် ၂ရဦးရှိကြောင်း သိရသည်။

အဆိုပါ ကော်မတီဝင်(၁၁)ဦးအနက် ဒုတိယရန်ကုန်မြို့တော်ဝန်အပါအဝင် ကော်မတီဝင်(၆)ဦးကို ပြည်သူက တိုက်ရိုက်ရွေးချယ် တင်မြှောက်နိုင်မည်ဖြစ်ကာ ကျန်ကော်မတီဝင်(၅)ဦးကို အစိုးရက ခန့်အပ်မည်ဖြစ်သည်။

" ပျှမ်းမျှခြင်းအားဖြင့်ပြောမယ်ဆိုရင် မဲရုံတစ်ရုံမှာ မဲပုံးလေးပုံးထားရမယ် ။ ဒါကဘာကြောင့်လဲ ဆိုတော့ မဲရုံတစ်ရုံမှာ မဲပုံးလေးပုံးထားရမှာက ကော်မတီဝင်အတွက်တစ်ပုံး၊ ဥက္ကဋ္ဌအတွက် တစ်ပုံး၊ အဖွဲ့ဝင်(၁) အတွက် တစ်ပုံး၊အဖွဲ့ဝင်(၂) အတွက် တစ်ပုံး ဖြစ်တဲ့အတွက် မဲဆန္ဒရှင် တစ်ဦးက မဲပုံးလေးပုံးစလုံးမှာ မဲပေးရမှာဖြစ်ပါ တယ်။" စည်ပင်သာယာရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။

ယခုနှစ် စည်ပင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်ကာလကို ၁လ သတ်မှတ်ထားပြီး ဖေဖော်ဝါရီ၂၈ရက်နေ့မှ မတ်လ ၂၉ရက်နေ့အထိ မဲဆွယ်စည်းရုံးနိုင်မည်ဖြစ်သည်။

၂၀၁၄ခုနှစ်က ပြုလုပ်ခဲ့သည့် စည်ပင်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များသည်  အိမ်ထောင်စုတစ်စုတွင် ၁၈နှစ် ပြည့်ပြီးသော အိမ်ထောင်ဦးစီးတစ်ဦးသာ မဲပေးခွင့်ရှိခဲ့သော်လည်း ယခုစည်ပင်ရွေးကောက်ပွဲတွင် ၁၈နှစ် ပြည့်ပြီးသူတိုင်း မဲပေးနိုင်မည်ဖြစ်ကြောင်း ကန့်သတ်ချက်အဖြစ် မဲပေးမည့်သက်ဆိုင်ရာမြို့နယ်တွင် အနည်းဆုံး တစ်နှစ်နေထိုင်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly