ရန်ကုန်၊ ဖေဖော်ဝါရီလ ၇ ။ ။ အိမ်အကူလုပ်ကိုင်ရန်သွားလာရာမှ ပွဲစားနှင့် အဆက်အသွယ်ပြတ်ခဲ့ပြီး နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသော နီပေါနိုင်ငံသူတစ်ဦးအား ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ တည်းခိုခန်းတစ်ခုအတွင်းမှ ရှာဖွေကူညီပေးနိုင်ခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့၊ ညနေ ၅ နာရီခွဲခန့်က နီပေါနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်မြို့ရှိ တည်းခိုခန်းတစ်ခုတွင် ရောက်ရှိတည်းခိုနေသော နီပေါနိုင်ငံသူတစ်ဦး အကူအညီလိုအပ်နေသောကြောင့် ရှာဖွေကယ်တင်ပေးရန် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ ဆက်သွယ်အကူ အညီတောင်းခံခဲ့ခြင်းဖြစ် ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ထို့ကြောင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး သတင်းစုံစမ်းထောက်လှမ်းခဲ့ရာ နီပေါနိုင်ငံသူ အမျိုးသမီးအား ပုဇွန်တောင်မြို့နယ်အတွင်းရှိ တည်းခိုခန်းတစ်ခုတွင် ဖေဖော်ဝါရီလ ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ နီပေါနိုင်ငံသူ ပြောပြချက်အရ သူသည် လွန်ခဲ့သော ၁ လခန့်က ကူဝိတ်နိုင်ငံတွင် အိမ်ဖော်လုပ်ကိုင် နေသော အမျိုးသမီးတစ်ဦးနှင့်အဆက်အသွယ် ရရှိခဲ့ပြီး ၎င်းကိုပါ အိမ်ဖော်လုပ်ရန် စည်းရုံးခေါ်သဖြင့် သွား ရောက်ရန် နီပေါနိုင်ငံမှ ပွဲစားတစ်ဦးနှင့် ဆက်သွယ်ခဲ့ကြောင်း၊ ပွဲစားက ၎င်းအား နီပေါမှ အိန္ဒိယအား ဖြတ်ပြီး မြန်မာနိုင်ငံ၊ တမူးမြို့သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုမှတဆင့် ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့သို့ ဆက်လက်ပို့ဆောင်ခဲ့ရာမှ ယခုတည်းခို နေသည့် နေရာသို့ ရောက်ရှိခဲ့ပြီး တရားဝင်နိုင်ငံကူးလက်မှတ်ဖြင့် ရောက်ရှိခဲ့သော်လည်း ခေါ်ဆောင်လာသူ ပွဲစားနှင့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စကာ အဆက်အသွယ် ပြတ်သွားသဖြင့် နေရပ်သို့ ပြန်လိုသောကြောင်း နီပေါမှ အကိုဖြစ်သူထံအကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကိုဖြစ်သူက နီပေါနိုင်ငံရှိ မြန်မာသံရုံးသို့ ဆက်သွယ်အကူအညီတောင်းခံသဖြင့် ယခုကဲ့သို့ ရှာဖွေတွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
လက်ရှိတွင် နီပေါနိုင်ငံသူအမျိုးသမီးငယ်ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံဂေါ်ရခါး အမျိုးသမီးရေးရာအဖွဲ့၏ အကူအညီဖြင့် စောင့်ရှောက်ထားရှိပြီး နီပေါနိုင်ငံသံရုံးသို့ ဆက်သွယ် အပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။