ဂန္ဓီရဲ့ ပုံကို သေနတ်နဲ့ ပစ်တဲ့ အမျိုးသမီး ဖမ်းဆီးခံရ

ဂန္ဓီရဲ့ ပုံကို သေနတ်နဲ့ ပစ်တဲ့ အမျိုးသမီး ဖမ်းဆီးခံရ

နယူးဒေလီ၊ ဖေဖော်ဝါရီ ၇ ။       ။ အိန္ဒိယရဲ့ လွတ်လပ်ရေးသူရဲကောင်း မဟတ္တမဂန္ဓီရဲ့ ဓာတ်ပုံကို လေသေနတ်နဲ့ ပစ်ခတ်တဲ့ လက်ယာဝါဒီ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ရကြောင်း ရဲက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် ခုနစ်ခုခန့်က ဂန္ဓီ လုပ်ကြံခံရတဲ့ အထိမ်းအမှတ်ကို လက်ယာစွန်းဟိန္ဒူအုပ်စုက ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီအထိမ်းအမှတ်ပွဲမှာ ပူးဂျာရှာခွန်ပန်ဒေးဆိုတဲ့ အမျိုးသမီးက ဂန္ဓီရဲ့ ပုံကို ပစ္စတိုလေသေနတ်နဲ့ ပစ်ခတ်တဲ့ မြင်ကွင်းကို ဗီဒီယိုရိုက်ကူးခဲ့ပြီး ဒီဗီဒီယိုဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ပြီးနောက် စိတ်ဆိုးဒေါသထွက်မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

ဂန္ဓီဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှာ ဟိန္ဒူတစ်ယူသန်သမားတစ်ဦးဖြစ်တဲ့ နာသူရမ်ဂေါ့ဆေးရဲ့ သေနတ်နဲ့ လုပ်ကြံတာကို ခံခဲ့ရတာ ဖြစ်ပါတယ်။ လွတ်လပ်ရေးအပြီး အိန္ဒိယနိုင်ငံ ခွဲခြမ်းခံရခြင်းနဲ့ ဂန္ဓီဟာ မွတ်စလင်တွေကို လိုက်လျောလွန်းတယ်ဆိုတဲ့ စိတ်ဆိုးဒေါသနဲ့ လုပ်ကြံခဲ့တာ ဖြစ်ပါတယ်။

အခု ပွဲမှာလည်း ဂေါ့ဆေးရဲ့ နာမည်ကို ကောင်းချီးပေးဟစ်ကြွေးကြပြီး အောက်ပိုင်းမှာ သွေးတွေ ယိုစီးနေတဲ့ပုံစံလုပ်ထားတဲ့ ဂန္ဓီရဲ့ ပုံကိုလည်း မီးရှို့ခဲ့ကြပါတယ်။

အခုပွဲကို ဂန္ဓီကို လုပ်ကြံသူ ဂေါ့ဆေးနဲ့ ချိတ်ဆက်ပတ်သက်တဲ့ လက်ယာစွန်း ဟိန္ဒူမာဟာဆာဘဟာအုပ်စုက ကြီးမှူးကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly