ရခိုင်ပြည်နယ်က အကြမ်းဖက်မှု ရပ်ဆိုင်းရေး မြန်မာဘက်က ကတိပြုလုပ်ဆောင်ဖို့ ဂျိုလီ တောင်းဆို

ရခိုင်ပြည်နယ်က အကြမ်းဖက်မှု ရပ်ဆိုင်းရေး မြန်မာဘက်က ကတိပြုလုပ်ဆောင်ဖို့ ဂျိုလီ တောင်းဆို
Photo-AFP

ဖေဖော်ဝါရီ ၆ ။               ။ သိန်းနဲ့ချီတဲ့ ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ) မွတ်ဆလင်တွေကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးစေခဲ့တဲ့ ရက်စက်မှုတွေကို အဆုံးသတ်ရေး မြန်မာအစိုးရဘက်က စစ်မှန်တဲ့ ကတိကဝတ်တစ်ခု ပြသရမှာဖြစ်ကြောင်း အိန်ဂျလီနာ ဂျိုလီက ဖေဖော်ဝါရီ ၅ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ ဆိုင်ရာ အထူးသံတမန် ဂျိုလီက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသကို ရောက်ရှိခဲ့ပြီး ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ)တွေနဲ့ တွေ့ဆုံတဲ့ ဒုတိယမြောက်နေ့မှာပဲ အထက်ပါ မှတ်ချက်စကားတွေကို ပြောဆိုလိုက်တာဖြစ်ပါတယ်။

ကော့ဇ်ဘဇားကတော့ ၂၀၁၇ သြဂုတ်နောက်ပိုင်း ဘင်္ဂါလီ ၇၄၀,၀၀၀ လောက် ရောက်ရှိ ခိုလှုံနေလျက်ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။

အဲဒီလို အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ရောက်ရှိမလာခင်အချိန်တုန်းက အဆိုပါ ဒေသမှာ ကမ့်စခန်းပေါင်း ၃၀၀,၀၀၀ အထိ ရှိထားနှင့်ပြီးဖြစ်ပါတယ်။

လက်ရှိ ကော့ဇ်ဘဇားမြို့ဝန်းကျင်က ကမ့်စခန်းတွေမှာ ရှိနေတဲ့ ဘင်္ဂါလီ တစ်သန်းလောက်အတွက် ဒေါ်လာ တစ်ဘီလီယံ နီးပါး မတည်ဖို့ ကုလသမဂ္ဂ တောင်းဆိုချက်အသစ်တစ်ခု မလုပ်ခင် ဂျိုလီရဲ့ ယခု ဘင်္ဂလားဒေ့ရှ်ခရီးစဉ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။

" သူတို့ဘဝတွေမှာ ဖိစီးနှိပ်စက်မှု၊ နိုင်ငံမဲ့ဖြစ်မှု တို့ကိုသာ သိထားကြတဲ့ မိသားစုတွေနဲ့ တွေ့ရတာ တော့်တော့်ကို ဝမ်းနည်းစရာကောင်းပါတယ်၊ သူတို့ကို ကျွဲတွေနွားတွေလို ဆက်ဆံကြတယ်လို့လည်း ပြောကြပါတယ်" လို့ ဂျိုလီက သတင်းထောက်တွေကို ပြောပါတယ်။

" ကျွန်မနဲ့ တွေ့ခဲ့တဲ့ ဒီ ဘင်္ဂါလီ မိသားစုတွေက တစ်ခြား ဒုက္ခသည်တွေနဲ့ တူတဲ့အချက်တစ်ချက်လည်း ရှိပါတယ်၊ အဲဒါ ဘာလဲဆိုတော့ သူတို့ အိမ်ပြန်နိုင်ခွင့်ရချင်နေကြတာပါပဲ"လို့လည်း သူမက ပြောပါတယ်။

ဒုက္ခသည်တွေအနေနဲ့ ၎င်းတို့ ဘေးကင်းလုံခြုံပြီလို့ ခံစားရတဲ့အချိန်ကျမှ အိမ်ပြန်သင့်ကြောင်း၊ သူတို့ရဲ့ အခွင့်အရေးတွေကိုလည်း လေးစားရမှာဖြစ်ကြောင်း ဂျိုလီက ပြောသွားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က အကြမ်းဖက်မှု ရပ်ဆိုင်းရေးနဲ့ ကျူးလွန်သူတွေကို အရေးယူရေးကိုပါ သူက တောင်းဆိုသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly