Wave Money မှ “RED DOT အရေးကိစ္စနှင့် ပတ်သက်၍”  ကြေညာချက်ထုတ်

Wave Money မှ “RED DOT အရေးကိစ္စနှင့် ပတ်သက်၍”  ကြေညာချက်ထုတ်
ဓာတ်ပုံ-သူရ

ဖေဖော်ဝါရီ ၆ ။            ။ ငွေကြေးလွှဲပြောင်းမှုများကို မိုဘိုင်းဖုန်းများမှတဆင့် ဆောင်ရွက်ပေးနေသော Wave Money မှ “RED DOT အရေးကိစ္စနှင့် ပတ်သက်၍”  ဟု ဆိုပြီး ဖေဖော်ဝါရီလ ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

Red Dot လုပ်ငန်း ပိတ်သိမ်းပြီးနောက် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအပေါ် စိုးရိမ်ပူပန်မှုများ ရှိလာနေကြ ပြီးနောက် ယင်းသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“Red Dot နှင့် မတူညီဘဲ Wave Money သည် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လိုင်စင်ချထားပေးသော လုပ်ငန်းဖြစ်ကြောင်း၊ စည်းမျဉ်း၊ စည်းကမ်းများအရ ၎င်းငွေကြေးများ၏ ၁၀၀ ရာခိုင်နှုန်းအား ရိုးမဘဏ်တွင် Trust Account ငွေစာရင်း အဖြစ် ထိန်းသိမ်းထားသောကြောင့် အာမခံကိုယ်စားလှယ်များနှင့် သုံးစွဲသူများ၏ ငွေကြေးများကိုအပြည့်အဝ ကာကွယ်ထားပြီးဖြစ်သည်” ဟု ဖော်ပြပါရှိသည်။

၎င်းတို့အနေဖြင့် တယ်လီနောလုပ်ငန်းစု ၊ ရိုးမဘဏ်တို့ကို ကျောထောက်နောက်ခံပြုထားသောလုပ်ငန်း ဖြစ်သည်ဟုလည်း ပါရှိသည်။

မြန်မာနိုင်ငံတွင် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို ဘဏ်များကဲ့သို့ Wave Money မှ လုပ်ဆောင်နေခြင်း ဖြစ်ပြီး ငွေလွှဲသူသည် ဖုန်းနံပါတ်မှတဆင့် Password ပေး၍ ငွေလွှဲပို့ကြခြင်း ဖြစ်ကာ ငွေပမာဏအလိုက် ဝန်ဆောင်မှုကောက်ခံသောလုပ်ငန်း ဖြစ်သည်။

ဖုန်းဘီလ်ဖြည့်သွင်းခြင်း၊ မီတာဘေလ်ဖြည့်သွင်းခြင်းဝန်ဆောင်မှုကုမ္ပဏီ Red Dot သည် ဖေဖော်ဝါရီ ၄ ရက်မှ စတင်၍ ရုံးခန်း ပိတ်သိမ်းကာ တိမ်းရှောင်သွားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly