မင်းလှမြို့ပြည်တွင်းအခွန်များဦးစီးဌာနမှ မြို့နယ်အခွန်ဦးစီးမှူးနှင့် ဒုတိယဦးစီးမှူးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

မင်းလှမြို့ပြည်တွင်းအခွန်များဦးစီးဌာနမှ မြို့နယ်အခွန်ဦးစီးမှူးနှင့် ဒုတိယဦးစီးမှူးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
ဓာတ်ပုံ - ACC Myanmar

ရန်ကုန်၊ဖေဖော်ဝါရီ ၅ ။            ။ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ မြို့နယ်အခွန်ဦးစီးမှူးနှင့် ဒုတိယဦးစီးမှူး တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့တွင် နေထိုင်သော နစ်နာသူမှ ၂၀၁၇-၂၀၁၈ ခုနှစ်တွင်း မင်းလှမြို့၌ တိုက်အိမ် ဆောက်လုပ်မှုနှင့် ပတ်သက်၍ ပြည်တွင်းအခွန် ဦးစီးဌာနသို့ အခွန်စည်းကြပ်ငွေ အချိန်မီ ပေးသွင်းခဲ့သော် လည်း ပေးသွင်းရန်ငွေထက် ပိုမိုတောင်းခံခြင်းနှင့် အိမ်ငှားရမ်းရာတွင်လည်း အိမ်ငှားရငွေ အပေါ် အခွန်ဟု ဆိုကာ ခြိမ်းခြောက်ငွေတောင်းခံနေခြင်းတို့ ပြုလုပ်နေသည့် အခွန်ဦးစီးမှူးနှင့် ဒုတိယဦးစီးမှူး တို့ကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြည်တွင်း အခွန်များဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဖြစ်သော ဒုတိယ ဦးစီးမှူး ဦးခင်မောင်သန်းနှင့် ဒုတိယဦးစီးမှူး ဒေါ်အေးအေးခိုင်တို့သည် မင်းလှမြို့၊ အမှတ်(၇)ရပ်ကွက်၊ တောင်ဘက် မြို့သစ်(၂)လမ်းရှိ နေအိမ်နှင့်ပတ်သက်၍ အိမ်ပိုင်ရှင်ထံမှ လူကြီးများကို ဂါရဝပြုရန်နှင့် ခရီးစရိတ် အဖြစ် ငွေကျပ် (၁၀)သိန်းကိုလည်းကောင်း၊ မင်းလှမြို့နယ်ရှိ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ (၅)ဖွဲ့သို့ သွားရောက် လက်မှတ်ရေးထိုးခအဖြစ် ငွေကျပ် ၂သိန်း၃သောင်းကိုလည်းကောင်း၊ တောင်ဘက် မြို့သစ် (၁၃) လမ်း နေအိမ်နှင့်စပ်လျဉ်း၍ စည်းကြပ်ဝင်ငွေခွန်အဖြစ် ငွေကျပ် (၁၇)သိန်းတို့ကို တောင်းခံရယူခဲ့သော်လည်း မြန်မာ့စီးပွားရေးဘဏ်ပြေစာအရ စည်းကြပ် ဝင်ငွေခွန် စုစုပေါင်း ပေးသွင်းရာတွင် ပေးသွင်းငွေမှာ  ၁၂သိန်း ၃သောင်း ၈ထောင့်၈ရာကျပ် ဖြစ်သဖြင့် ကျန်သည့် ပိုငွေ ၄သိန်း၆သောင်း၁ထောင့်၂ရာကျပ်ကို လက်ခံ ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ၎င်းတို့၏ရာထူးတာဝန်ကို အလွဲသုံးစားပြုကာ အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဒုတိယဦးစီးမှူး ဦးခင်မောင်သန်းနှင့် ဒုတိယဦးစီးမှူး ဒေါ်အေးအေးခိုင် တို့အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက် ရေး ဥပဒေ ပုဒ်မ ၅၆ အရ အရေးယူဆောင်ရွက်ရန် မင်းလှမြို့မရဲစခန်းတွင် တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly