ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ဂိုး ၅၀၀ ပြည့်နှင့် ၅၀၁ ဂိုးမြောက်သွွင်းဂိုးများ စီရော်နယ်ဒို သွင်းယူ

ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ဂိုး ၅၀၀ ပြည့်နှင့် ၅၀၁ ဂိုးမြောက်သွွင်းဂိုးများ စီရော်နယ်ဒို သွင်းယူ

မက်ဒရစ်၊ အောက်တိုဘာ ၁ ။              ။ ဆွီဒင်ကလပ်မယ်လ်မိုအသင်းနှင့် ရီးယဲလ်အသင်းတို့ ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲစဉ်တွင် ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ကစားသမားဘဝတစ်လျှောက် ဂိုး ၅၀၀ ပြည့်သွင်းဂိုးနှင့် ၅၀၁ ဂိုးမြောက်သွင်းဂိုးတို့ကို သွင်းယူနိုင်ခဲ့သည်။

ပြီးခဲ့သည့် သုံးပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေခဲ့သည့် စီရော်နယ်ဒိုသည် ယခုပွဲစဉ်တွင် ရီးယဲလ်အသင်းအတွက် အနိုင်ဂိုး နှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ထိုသွင်းဂိုးနှစ်ဂိုးမှာ ၎င်း၏ ၈၁ ဂိုးနှင့် ၈၂ ဂိုးမြောက် ချန်ပီယံလိဂ်သွင်းဂိုးများလည်း ဖြစ်သည်။

ထို့အပြင် စီရော်နယ်ဒိုသည် ရီးယဲလ်အသင်း၏ သမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူထားသည့် ရာအူးလ်၏ ၃၂၃ ဂိုးစံချိန်ကိုလည်း လိုက်မီသွားပြီ ဖြစ်သည်။ ရာအူးလ်က ပွဲစဉ်ပေါင်း ၇၄၁ ပွဲကစားပြီး သွင်းယူထားသည့် ဂိုးသွင်းစံချိန်ကို စီရော်နယ်ဒိုက ၃၀၈ ပွဲတည်းဖြင့် လိုက်မီခဲ့ခြင်း ဖြစ်သည်။ (ရီးယဲလ်မက်ဒရစ် ဝက်ဘ်ဆိုက်တွင် ၃၂၄ ဂိုးဖြင့် အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားဟု ဖော်ပြထားသည်။)

စီရော်နယ်ဒိုသည် ၎င်း၏ ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက်သွင်းဂိုး ၅၀၁ ဂိုးကို ရီးယဲလ်အသင်းတွင် ၃၂၃ ဂိုး၊ မန်ယူအသင်းတွင် ၁၁၈ ဂိုး၊ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၅၅ ဂိုးနှင့် စပို့တင်းလစ္စဘွန်းအသင်းတွင် ၅ ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။ ပင်နယ်တီမှ သွင်းဂိုးပေါင်း ၈၁ ဂိုးအထိသွင်းယူခဲ့ပြီး ပြစ်ဒဏ်ဘောများမှ ၄၅ ဂိုးသွင်းယူနိုင်ခဲ့သည်။

စီရော်နယ်ဒိုသည် ထိုသွင်းဂိုး ၅၀၁ ဂိုးကို ညာခြေဖြင့် ၃၂၆ ဂိုး၊ ဘယ်ခြေဖြင့် ဂိုး ၉၀၊ ခေါင်းတိုက်ပြီး ၈၃ ဂိုးနှင့် အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများဖြင့် ၂ ဂိုး သွင်းယူခဲ့သည်။

ယခုကဲ့သို့ ဂိုး ၅၀၀ ကျော်သွင်းယူနိုင်ခဲ့သည့်အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူမိကြောင်းနှင့် စံချိန်များထပ်မံ ချိုးဖျက်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း စီရော်နယ်ဒိုက ပြောသည်။

မယ်လ်မိုနှင့် ပွဲအပြီးတွင် ရာအူးလ်က ၎င်းထံသို့ ဂုဏ်ယူကြောင်း မက်ဆေ့ပေးပို့ခဲ့ကြောင်းနှင့် ယခုကဲ့သို့ စံချိန်တစ်ခုတင်နိုင်သည့်အတွက် ရာအူးလ်အနေဖြင့်လည်း ဝမ်းမြောက်နေလိမ့်မည်ဟု ယုံကြည်ကြောင်း ရော်နယ်ဒိုက ဆိုသည်။

ယခုအချိန်တွင် စီရော်နယ်ဒိုသည် ရီးယဲလ်အသင်း၏ လာလီဂါသွင်းဂိုးအများဆုံးကစားသမားအဖြစ်ရပ်တည်နေသလို အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားလည်း ဖြစ်လာတော့မည် ဖြစ်သည်။

လာလီဂါ၏ ထိပ်တန်းဂိုးသွင်းရှင်စာရင်းတွင်လည်း စီရော်နယ်ဒိုသည် မက်ဆီ၊ တယ်မိုဇာရာနှင့် ဟူဂိုဆန်းချက်ဇ်တို့၏နောက် အဆင့်လေးနေရာတွင် ရပ်တည်နေသည်။ သို့သော် ၎င်း၏ လာလီဂါဂိုးသွင်းနှုန်းမှာ တစ်ပွဲလျှင် ပျမ်းမျှ ၁ ဒသမ ၁၃ ဂိုး ဖြစ်သည့်အတွက် ဂိုးသွင်းအားအကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နေသည်။

စီရော်နယ်ဒို၏ ပြိုင်ဘက်မက်ဆီမှာ ယခုအချိန်အထိ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ သွင်းဂိုးစုစုပေါင်း ၄၇၈ ဂိုးသွင်းယူထားသည်။ ဘာစီလိုနာ(စီ)အသင်းတွင် ၅ ဂိုး၊ ဘာစီလိုနာ(ဘီ)အသင်းတွင် ၆ ဂိုး၊ ဘာစီလိုနာအသင်းကြီးတွင် ၄၁၈ ဂိုးသွင်းယူခဲ့ပြီး အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ၄၉ ဂိုးသွင်းယူပေးထားသည်။

Ref ;  ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly