အသင်းတန်းဆင်းအန္တရာယ် နီးစပ်သွားပြီဟု မနောမြေအသင်း မန်နေဂျာ ၀န်ခံ

အသင်းတန်းဆင်းအန္တရာယ် နီးစပ်သွားပြီဟု မနောမြေအသင်း မန်နေဂျာ ၀န်ခံ
ဟံသာဝတီ ၂-၁ မနောမြေပွဲမှ အကြိတ်အနယ်ကစားနေဟန်။ (ဓာတ်ပုံ - ကိုဇေ(ဘောလုံးအဖွဲ့ချုပ်)

အောက်တိုဘာ ၁၊ ရန်ကုန်။          ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပွဲကျန် ပွဲစဉ် ၁၆ တွင် မနောမြေအသင်းသည် ဟံသာဝတီအသင်းကို ရှုံးနိမ့်ခဲ့ပြီး ဘောလုံး ရာသီကုန်တွင် အသင်းတန်းဆင်းရရန် ပိုမိုနီးစပ်သွားပြီဟု အသင်းမန်နေဂျာ ဦးအုန်းကြိုင်က မဇ္ဈိမသို့ ပြောသည်။

မနောမြေအသင်းသည် တန်းဆင်းဇုန်အန္တရာယ်အတွက် အရေးပါသော အဆုံးအဖြတ်ပွဲစဉ်တွင် ဟံသာဝတီအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ၁၉ ပွဲကစားပြီးချိန်တွင် လေးပွဲ နိုင်၊ သုံးပွဲ သရေ၊ ၁၂ ပွဲ ရှုံး ရမှတ် ၁၅ မှတ်ဖြင့် အမှတ်ပေးဇယား အောက် ဆုံး တန်းဆင်းဇုန်တွင် ရပ်တည်နေသည်။

' လက်ကျန်ပွဲတွေမှာ တော်တော်ရုန်းကန်ရတော့မယ်။ ဒီပွဲမှာ သရေ (သို့မဟုတ်)အနိုင်ရထားရင် တော်သေးတယ်။ အခုက ရှုံးသွားတာဆိုတော့ တော်တော်ရုန်းကန်ရတော့မယ်။ တန်းဆင်းဇုန်အတွက်
အန္တရာယ်ကြီးသွားပြီဆိုတာ ကျိန်းသေပါတယ်။ ရှုံးတယ်ဆိုတဲ့အတွက် တန်းဆင်းဖို့ တော်တော် အန္တရာယ်ကြီးသွားပြီ'ဟု မနောမြေအသင်း မန်နေဂျာ ဦးအုန်းကြိုင်က မဇ္ဈိမသို့ ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပြီးဆုံးရန် ပွဲစဉ် သုံးပွဲသာ ကျန်ရှိနေပြီး လက်ကျန်သုံးပွဲတွင် မနောမြေအသင်းသည် မကွေးအသင်း၊ ဧရာဝတီ အသင်း၊ ရတနာပုံအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။ မနောမြေအသင်း ကစားရမည့် လက်ကျန်သုံးပွဲမှာ အမှတ်ပေးဇယား ထိပ်ပိုင်းမှ အသင်းကြီးများဖြစ်သောကြောင့် အမှတ်ရရန် ရုန်းကန်ရမည့်အနေအထားရှိနေသည်။

ပွဲစဉ် ၁၉ ပွဲကစားအပြီး တန်းဆင်းဇုန် အဆင့် ၁၁ နေရာတွင် နေပြည်တော်အသင်းက ရမှတ် ၁၇ မှတ်ဖြင့် ရပ်တည်နေပြီး မနောမြေအသင်းက တန်းဆင်းဇုန် အဆင့် ၁၂ အမှတ်ပေးဇယား အောက်ဆုံးတွင် ရပ်တည်နေသည်။

အမှတ်ပေးဇယား အဆင့် ၇ နှင့် ၈ နေရာများ တွင် ချင်းယူနိုက်တက်အသင်းနှင့် ဇေယျာရွှေမြေအသင်းတို့က ရမှတ် ၁၉ မှတ်ဖြင့် ရပ်တည်နေသလို အမှတ်ပေး ဇယား အဆင့် ၉ နှင့် အဆင့် ၁၀ နေရာများတွင် ဟံသာဝတီအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့က ရမှတ် ၁၈ မှတ်စီဖြင့် ရပ်တည်နေသည်။

အမှတ်ပေးဇယား အဆင့် ၇ မှ အဆင့် ၁၀ အတွင်း ရပ်တည်နေသော အသင်းများမှာလည်း တန်းဆင်းဇုန် အဆင့် ၁၁၊ ၁၂ ရှိအသင်းများနှင့် အမှတ်ကွာဟမှု ကျဉ်းမြောင်းနေသောကြောင့် တန်းဆင်းအန္တရာယ်ရှိနေသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly