အဝေးသင်အနီးကပ် ၂ ကြိမ် ခွဲတက်ရမည့်ကိစ္စ ဆက်မလုပ်ရန် ပညာရေးဝန်ကြီးဌာန ဆုံးဖြတ်

အဝေးသင်အနီးကပ် ၂ ကြိမ် ခွဲတက်ရမည့်ကိစ္စ ဆက်မလုပ်ရန် ပညာရေးဝန်ကြီးဌာန ဆုံးဖြတ်
Photo-EPA

နေပြည်တော်၊ ဖေဖော်ဝါရီ ၂ ။            ။ မြန်မာတစ်နိုင်ငံလုံးရှိ အဝေးသင်ပညာရေးစနစ်မှ ၀ိဇ္ဇာဘာသာတွဲများတွင် ပညာသင်ကြားနေသည့် ကျောင်းသူ၊ကျောင်းသားများအတွက် ယခင်က အဝေးသင်အနီးကပ် ၂  ကြိမ် ခွဲတက်ရောက်ရန် စီစဉ်နေမှုကို အများဆန္ဒအရ လုပ်ဆောင်ရန် မရှိတော့ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။

“အဝေးသင်တက်နေသောသူများမှ လုပ်ငန်းခွင် မှ ၂ ကြိမ် လာရောက်ရန် ခက်ခဲမှုရှိခြင်းကြောင့် အများအဆန္ဒအရ” ဟု ဒေါက်တာသိန်းဝင်းက ဖေဖော်ဝါရီ ၂ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

ထိုကြောင့် အဝေးသင်ကျောင်းသားများအနေဖြင့် ယခင် ပုံမှန်တက်နေကြ အနီးကပ်(၁၀)ရက်ကို အောက်တိုဘာလအတွင်းတွင်သာ တက်ရောက်ရတော့မည် ဖြစ်သည်။

ယခင်က အထက်မြန်မာပြည်အတွက် စာစဉ်နှင့် မေးခွန်းများကို မန္တလေးတက္ကသိုလ်မှ ထုတ်ပေးပြီး၊ အောက်မြန်မာပြည်အတွက် စာစဉ်နှင့် မေးခွန်းများကို ရန်ကုန်တက္ကသို်လ်မှ ထုတ်ပေးခဲ့ပြီး ယခုနှစ်မှ စတင်ကာ သက်ဆိုင်ရာ တက္ကသိုလ်ကျောင်းများမှ ထုတ်ပေးမည်ဖြစ်သည်။

“စာမေးပွဲမေးခွန်း စာစဉ်မေးခွန်းများကို သက်ဆိုင်ရာ ကျောင်းမှသာ ထုတ်ပါမည်”ဟု ဒေါက်တာသိန်းဝင်းက အတည်ပြု ပြောသည်။

အဝေးသင်ပညာရေး အရည်အသွေးမြင့်မားစေရန်ဟု ဆိုကာ ပုံမှန်တက်ရောက်နေရသည့် အနီးကပ်တိုက်ရိုက် ၁၀ ရက်အစား ယခုနှစ်တွင် Orientation (ဘာသာရပ် မိတ်ဆက်ခြင်း) အဖြစ် ၀ိဇ္ဇာဘာသာရပ် အထူးပြုများကို မေလတွင် ၅ ရက် ၁ ကြိမ်၊ နိုဝင်ဘာလတွင် နောက်ထပ် ၅ ရက်အဖြစ် စုစုပေါင်း ၂ ကြိမ်တက်ရောက်ရန်အတွက်ကို ပညာရေးဝန်ကြီးဌာနမှ  စီစဉ်ခဲ့ခြင်းဖြစ်သည်။

အဝေးသင်တက္ကသိုလ်တက်ရောက်ရသည့် ကျောင်းသား၊ကျောင်းသူ အများစုသည် လုပ်ငန်းခွင်များတွင် ဝင်ရောက် အလုပ်လုပ်ကိုင်သူများဖြစ်သဖြင့် ထိုသို့ ၂ ကြိမ်ခွဲတက်ရောက်ရန်စီစဉ်ပါက လုပ်ငန်းခွင် အခက်အခဲများရှိခြင်း ၊ ထမင်းစရိတ်၂ ခါပေးရခြင်း၊ အဆောင်စရိတ် ၂ ခါပေးရခြင်းစသည့် အခက်အခဲများစွာကို ကြားရသောကြောင့် ပြန်လည်စဉ်းစားပေးမည်ကို ဇန်နဝါရီလ ၂၂ ရက်နေ့က အမျိုးသားလွှတ်တေ်ာအစည်းအဝေးပြီးတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားထားသည်။

ပြီးခဲ့သည့်နှစ် တစ်နိုင်ငံလုံးရှိ အဝေးသင် ပညာရေးစနစ်  ၀ိဇ္ဇာ၊ သိပ္ပံနယ်ပယ်စုံတွင် တက်ရောက်သင်ကြားသည့် ကျောင်းသား၊ကျောင်းသူ ဦးရေ ငါးသိန်းခွဲခန့်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ စာရင်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly