မန်းစည်ပင် အမှိုက်ကားများတွင် ခြေရာခံစနစ်များ တပ်ဆင်အသုံးပြုနေ

မန်းစည်ပင် အမှိုက်ကားများတွင် ခြေရာခံစနစ်များ တပ်ဆင်အသုံးပြုနေ
ဓာတ်ပုံ- ဒေါက်တာရဲလွင်

မန္တလေး၊ ဖေဖော်ဝါရီ ၂ ။             ။ မန္တလေးရှိ စည်ပင်အမှိုက်ကားများတွင် သတ်မှတ်မှတ်ချက်အတိုင်း လုပ်ဆောင်ခြင်းရှိ/မရှိကို ခြေရာခံ စစ်ဆေးနိုင်မည့် Fleet management system များစတင်တပ်ဆင် အသုံးပြုနေပြီ ဖြစ်ကြောင်း မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်ကပြောသည်။

"အခက်အခဲတွေအများကြီးကျော်ဖြတ်ရတာပါ။ နိုင်ငံတကာမှာမတွေ့ကြုံရတဲ့ ပြဿနာတွေပါ။ ကားမှာ တပ် ထားတဲ့ GPS Tracker ၃ဝရာခိုင်နှုန်းလောက်ကို ကြိုးဖြုတ်တာ၊ SIM Card bill ကို ကုန်အောင်သုံးလိုက်တာ၊ tracker ကိုဖျက်တာနဲ့ဖြုတ်တာ အပြင်အခြား နည်းမျိုးစုံသုံးပြီး ဖျက်စီးတာတွေကြုံခဲ့ရပါတယ်။"ဟု အမှိုက်ကား များကို စက်များတပ်ဆင် စမ်းသပ်အသုံးပြုခဲ့စဉ်က ကြုံခဲ့ရသော အခက်အခဲများကို မြို့တော်ဝန် ဒေါက်တာ ရဲလွင်က ပြောပြသည်။

အဆိုပါစနစ်သည် အမှိုက်ကားများ၏ သတ်မှတ်လမ်းကြောင်းများ အတိုင်းသွားလာမှု ရှိ ၊မရှိ၊ Collection point အမှိုက်ကားရပ်တင်ရမည့် တည်နေရာများသို့ အမှန်တကယ် ရောက်ရှိခြင်း ရှိ ၊မရှိတို့ကို သိရှိစစ်ဆေးနိုင်ရန်နှင့် သတ်မှတ်ချိန်အတိုင်း အမှိုက်ကျင်းများသို့ရောက်မရောက် ၊အမှိုက်ကျင်းတွင် ကားကြာချိန်၊ ယာဉ်နံပါတ်နှင့် အမျိုးအစား၊ ကားပျက်ပါက ပျက်သည့်နေရာ၊ အလုပ်ပြီးစီးချိန် အမှိုက်ကျင်း ရေဆေးခုံတွင် ဆေးမဆေး၊ အမှိုက်ကားများ၏ တစ်နေ့တာလုပ်ငန်းပြီးစီးမှု စာရင်းချုပ် စသည်တို့ကို အချိန်နှင့်တပြေးညီသိရှိနိုင်ရန်အတွက် ကားအစီး ၃ဝဝတွင် စက်များတပ်ဆင် အသုံးပြုခြင်းဖြစ်သည်။

 "IoT SIM card သုံးရတဲ့အပြင် တပ်ထားတာ တစ်ခုခုဖြစ်ရင် သတိပေးမယ့် alarm system တွေပါ ထည့် လိုက်တော့ မသမာမှုလျော့ကျသွားပါပြီ။"ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်က ထပ်လောင်းပြောသည်။

 မန္တလေးရှိ စည်ပင်သာယာအမှိုက်ကားများတွင် ခြေရာခံစက်များ တပ်ဆင်အသုံးပြုသလို စည်ပင်သာယာရေး ကော်မတီ၏ အခြားသောလုပ်ငန်းသုံး ယာဉ်ယန္တရား ၃ဝဝကိုလည်း စက်များ ထပ်မံတပ်ဆင်သွားရန်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly