နိုင်ငံတကာမှာပြဖို့ ရခိုင့်အလှဓာတ်ပုံပြိုင်ပွဲဝင်ပုံများ ဖေဖေါ်ဝါရီ (၇) ရက်နေ့ နောက်ဆုံး ပေးပို့ရမည်

နိုင်ငံတကာမှာပြဖို့ ရခိုင့်အလှဓာတ်ပုံပြိုင်ပွဲဝင်ပုံများ ဖေဖေါ်ဝါရီ (၇) ရက်နေ့ နောက်ဆုံး ပေးပို့ရမည်

ဖေဖေါ်ဝါရီ ၂ ရက် ။           ။ နိုင်ငံတကာတွင် ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် အေးချမ်းလှပသော ပုံရိပ်များကို ဖော်ထုတ်ပြသရန် ရခိုင့် သဘာဝ အလှဓလေ့စရိုက်ဓာတ်ပုံများအား ဖိတ်ခေါ်လျက်ရှိနေပြီး ဖေဖေါ်ဝါရီလ (၇) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်ဟု မြန်မာနိုင်ငံဓာတ်ပုံအသင်းရုံးမှ သိရသည်။

ပြိုင်ပွဲကို My Beautiful Rakhine Photo Contest ဟု အမည်ပေးထားပြီး ပါဝင်မည့်သူများအနေဖြင့် Facebook (သို့) Instagram ရှိ ကိုယ်ပိုင် Account တွင် Public တင်၍ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ပြိုင်ပွဲဝင်ဓာတ်ပုံများကို #mybeautifulrakhine, #mpsrakhine ဟု (#) တွဲ၍ တင်ရမည်ဟု သတ်မှတ်ထားသည်။

"အဓိကရည်ရွယ်ချက်က ကျွန်တော်တို့ နိုင်ငံတကာမီဒီယာတွေမှာ ရခိုင်နဲ့ပတ်သတ်တဲ့ပုံရိပ်တွေဟာ လက်ရှိ တကယ့် အလှအပတွေကို ထိရောက်အောင် ဖော်ကျူးနိုင်ခြင်း မရှိသေးဘူးလို့ ယူဆသလို ဒီ ပုံရိပ်တွေ ဟာလည်း တစ်ချို့ဟာ နိုင်ငံအတွက် Image ကို အနည်းငယ်ထိခိုက်စေတယ်လို့ ယူဆတဲ့အတွက် နိုင်ငံထဲမှာ ဖြစ်ပေါ်နေတဲ့ အေးချမ်းမှုတွေ အလှအပတွေ လည်ပတ်စရာနေရာတွေကို နိုင်ငံတကာကသိအောင် ဖော်ထုတ်ချင်တဲ့ ရည်ရွယ် ချက်နဲ့ ကျင်းပခြင်းဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံဓာတ်ပုံအသင်း အတွင်းရေးမှူး ဦးညွန့်နိုင် (ဘော်တွင်း) က ပြောသည်။

နိုင်ငံတကာမှ ခရီးသွားများ ပြည်တွင်းသို့ လာရောက်လည်ပတ်ရာတွင် လက်ရှိအချိန်၌ ပုဂံ၊ မန္တလေး စသော နေရာများကို လည်ပတ်မှုများပြားလျက်ရှိနေပြီး ရခိုင်ဒေသတွင်း လည်ပတ်စရာများနှင့် ပင်လယ်ကမ်းခြေ၊ ရှေးဟောင်းယဉ်ကျေးမှုများကလည်း ဆွဲဆောင်မှု ရှိနေရာ ခရီးသွားလုပ်ငန်းကို ထိရောက်စေရန် အထောက်အကူပြုဖို့ ယခုပြိုင်ပွဲက ရည်ရွယ်သည်ဟုလည်း ဆိုသည်။

လက်ရှိတွင်  ပြိုင်ပွဲဝင်အရေအတွက် ၁၀၀ ကျော်သည် Facebook တွင် ပါဝင်ယှဉ်ပြိုင်သည့် ပုံပေါင်း ၁၀၀၀ ကျော်နှင့် Instagram တွင် ပါဝင်ယှဉ်ပြိုင်သော ပုံပေါင်း ၂၀၀ ကျော်ရှိနေပြီး ထပ်မံပြိုင်ပွဲဝင်လိုသူများအနေဖြင့် ဖေဖော်ဝါရီလ ၇ ရက်နောက်ဆုံးထား၍ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ဓာတ်ပုံပြိုင်ပွဲ၏ ဆုကြေးအနေဖြင့် ပထမဆု ကျပ် ၁ဝသိန်း၊ ဒုတိယဆု ကျပ် ၅ သိန်း၊ တတိယဆု ကျပ် ၂သိန်းခွဲ နှစ်ဆုနှင့် နှစ်သိမ့်ဆု ဆယ်ဆုကို ကျပ် ၁ သိန်းစီ ချီးမြှင့်သွားမည်ဖြစ်သည်။

ဆုရဓာတ်ပုံများကို စိစစ်ရွေးချယ်ပြီး ၂၀၁၉ ခုနှစ် မတ်လလောက်တွင် ဓာတ်ပုံပြပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပသွားမည်ဟု သိရသည်။

ယခုဓာတ်ပုံပြိုင်ပွဲကို Mango Media Group နှင့် မြန်မာနိုင်ငံဓာတ်ပုံအသင်းမှ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly