အလုပ်သမားဥပဒေပြုပြင်ရေး သုံးပွင့်ဆိုင်ဆွေးနွေးမှုများကို အလုပ်သမားသမဂ္ဂအဖွဲ့များက ယာယီဆိုင်းငံ့

အလုပ်သမားဥပဒေပြုပြင်ရေး သုံးပွင့်ဆိုင်ဆွေးနွေးမှုများကို အလုပ်သမားသမဂ္ဂအဖွဲ့များက ယာယီဆိုင်းငံ့

ဖေဖော်ဝါရီ ၁ ။            ။ အလုပ်သမားဥပဒေပြုပြင်ပြောင်းလဲမှုများတွင် အစိုးရနှင့် လွှတ်တော်မှ လျစ်လျူရှုခြင်းများရှိသည့်အတွက် သုံး ပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးမှုများကို အလုပ်သမားသမဂ္ဂအဖွဲ့များက ယာယီဆိုင်းငံ့ထားကြောင်း မြန်မာနိုင်ငံစက်မှု လက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင် ကပြောသည်။

 "အဓိကတော့ ကျွန်တော်တို့ ၂၅ရက်နေ့ကနေစပြီး ဆိုင်းငံ့တယ်။ နောက်တစ်ခုကကျတော့ ကျွန်တော်တို့ဒီဆိုင်း ငံ့ရတဲ့ အခြေအနေက အလုပ်သမားအဖွဲ့တွေရဲ့ ဥပဒေပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာလဲ အစိုးရက နေပြီးတော့မှ လျစ်လျူရှုတယ်။ နောက်တစ်ခုက လွှတ်တော်ကလည်း ကျွန်တော်တို့ အလုပ်သမားတွေရဲ့ အသံကိုနားမထောင်ဘူး။ အဲဒါအပြင့် ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်တိုင်ကလည်း ကျွန်တော်တို့ အလုပ်သမား အဖွဲ့ချုပ်တွေရဲ့အသံတွေကို သူတို့ကထည့်သွင်း စဉ်းစားတာမရှိဘူး" ဟု ဦးသက်နှင်းအောင် ကပြောသည်။

 အလုပ်သမားဥပဒေပြုပြင်ပြောင်းလဲရေးတွင် အလုပ်သမားများ၏အသံများကို လျစ်လျူရှုခံရခြင်းနှင့် အလုပ်သ မား အလုပ်ထုတ်ခံရမှုများမြင့်တက်လာမှုအခြေအနေများ ရှင်းလင်းတင်ပြမှုသတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဖေဖော်ဝါရီ ၁ရက်က ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် ဦးသက်နှင်းအောင် ကပြောခဲ့ခြင်း ဖြစ်သည်။

 ယခုကဲ့သို့ ဆိုင်းငံ့လိုက်ခြင်းကြောင့် စက်ရုံတွင် ညှိနှိုင်းရေးကော်မတီ၊ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့များ၊ တိုင်း ဒေသကြီးခုံသမာဓိအဖွဲ့နှင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အမြင့်ဆုံးဖြစ်သည့် ခုံသမာဓိကောင်စီတွင် အ လုပ်သမား ကိုယ်စားလှယ်များရှိမည် မဟုတ်ကြောင်း သိရသည်။

 "သမဂ္ဂတွေဖွဲ့စည်းခွင့်ကို ပိုပြီးတော့ကောင်းအောင်နိုင်ငံတော်က မလုပ်ပေးတဲ့အပြင် အစိုးရကအကာအကွယ် မ ပေးတဲ့အပြင်ကို ရှိပြီးသားသမဂ္ဂတွေကိုပါ ပျက်ဆီးသွားအောင်လုပ်နေတဲ့ ပြဋ္ဌာန်းချက်တွေကိုပါ တွေ့လာရ တယ်။ အဲဒါကြောင့်မို့ ကျွန်မတို့ ဒီအလုပ်သမားပြုပြင်ပြောင်းလဲရေးအပါအဝင် သုံးပွင့်ဆိုင် ယန္တရားအားလုံး ကနေပြီး တော့ (CTUM)နဲ့ (MICS) သည် ကျွန်မတို့ ဆိုင်းငံ့ထားတာဖြစ်တယ်" ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) လက်ထောက်အထွထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး ကပြောသည်။

 သုံးပွင့်ဆိုင်ဆွေးနွေးမှုများတွင်လည်း အလုပ်သမားသမဂ္ဂများအနေဖြင့် စိတ်ရင်းအမှန်ဖြင့် ပါဝင်ဆွေးနွေးတင်ပြ မှုများ လုပ်ဆောင်ခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရကိုယ်စားလှယ်များနှင့် အလုပ်ရှင်ကိုယ် စားလှယ်များသည် စိတ်ရင်းမှန်မရှိဘူးဟု ခံစားမိသောကြောင့် ယခုလို ဆိုင်းငံ့ရခြင်းဖြစ်ကြောင်း ဒေါ်ဖြိုးစန္ဒာစိုး က ဆက်လက်ပြောသည်။

ယခုကဲ့သို့ ဆိုင်းငံ့မှုကို ဇန်နဝါရီ ၂၅ရက်မှ ဖေဖော်ဝါရီ ၈ရက်အထိဆိုင်းငံ့ထားမည်ဖြစ်ပြီး အလုပ်သမားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးမှ အလုပ်သမားသမဂ္ဂများကို အစည်းအဝေးခေါ်ယူပေးရန်နှင့် အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော်တွင် သဘောထားကွဲလွဲနေသော အလုပ်သမားရေးရာဖြေရှင်းမှုဥပဒေနှင့် ပတ်သက်ပြီး ကြားနားပွဲ လုပ်ဆောင်ပေးရန် သက်ဆိုင်ရာကို တင်ပြတောင်းဆိုထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly