အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် အစ္စရေးတို့ ပူးပေါင်းပြီး ဂီတဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် အစ္စရေးတို့ ပူးပေါင်းပြီး ဂီတဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်
 ဓာတ်ပုံ -သူရ

ဇန်နဝါရီ ၂၉ ။         ။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် အစ္စရေးနိုင်ငံသံရုံးတို့ ပူးပေါင်းပြီး အစ္စရေး ပုလွေ တူရိယာပညာရှင်နှင့် ဂီတဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် ဇန်နဝါရီ ၂၉ ရက်က ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများအတွက်လည်း ယခုကဲသို့ ပြည်ပပညာရှင်များနှင့် ပူးပေါင်းပြီး လုပ်ဆောင်ခြင်းကြောင့် အနောက်တိုင်း၏ ဂီတပညာများကိုလည်း လေ့လာခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ဒုတိယ ပါမောက္ခချုပ်(စီမံ) ဦးမြတ်သူရ ကပြောသည်။

"ဒီဆွေးနွေးပွဲမှာ အစ္စရေးရဲ့ဂီတပညာရှင်တွေထဲက ပုလွေပညာနဲ့ပတ်သက်ပြီးတော့ အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ်က ဆရာဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေကိုလာရောက်ပြီး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်ပါတယ်။ နောက်တစ်ခုထူးခြားချက်က ဒီအလုပ်ရုံဆွေးနွေးပွဲက ပညာရှင်ကပဲ ပြသတာ မဟုတ် ပါဘူး။ သူ့ရဲ့တီးလုံးတီးကွက်တွေကို ကျွန်တော်တို့ ကျောင်းသူကျောင်းသားများက ပူးပေါင်းပြီးတော့ ပါဝင် ဆောင်ရွက်ပါတယ်။ ဒါကြောင့် ဒီဟာသည် ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသူကျောင်းသားများအတွက် ဂီတဆိုင်ရာတီးခတ်မှုကို ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားကျောင်းသူများနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ယဉ်ကျေးမှုဖလှယ်ရေးအစီစဉ်တစ်ခုလို့လည်း ပြောလို့ရပါတယ်" ဟု ဦးမြတ်သူရ ကပြောသည်။

 
အစ္စရေးသံရုံးနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)တို့သည် ပုံမှန်အလုပ်ရုံဆွေးနွေးပွဲ များကို ကျင်းပပြုလုပ်နေပြီး ပန်းချီ၊ ရုပ်ရှင်များနှင့်ဆိုင်သည့် အလုပ်ရုံဆွေးနွေးပွဲများနှင့် အကနှင့် ဆိုင်သော ပူးပေါင်း ဆောင်ရွက်ခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်သုတေသန ဦးစီးဌာနနှင့် ပူးပေါင်းပြီး ရှေးဟောင်းသုတေသန တူးဖော်သည့့်ကိစ္စရပ်များ၊ ရှေးဟောင်းသုတေသနဆိုင်ရာ ဓာတ်ပုံပြပွဲကိုလည်း ပူးပေါင်းကျင်းပမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

 
ယခုကျင်းပပြုသည့် ဂီတဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသည် ၂၀၁၉ခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပသည့်ပွဲ ဖြစ်ပြီး ရှေ့ဆက်၍ မြန်မာနှင့် အစ္စရေးနှစ်နိုင်ငံတို့၏ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များကိုလည်း ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly