မသန်စွမ်းသူများအတွက် အထူးစီစဉ်ထားသည့် YBS ကားများ မကြာမီပြေးဆွဲတော့မည်

မသန်စွမ်းသူများအတွက် အထူးစီစဉ်ထားသည့် YBS ကားများ မကြာမီပြေးဆွဲတော့မည်

ရန်ကုန်၊ ဇန်နဝါရီလ ၂၉ ။              ။ ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးအတွက် မ.ထ.သ စနစ်မှ YBS  စနစ်သို့ ပြောင်းလဲပြေးဆွဲမှု ၂ နှစ်ပြည့် ပြီးနောက်ပိုင်းတွင် ပါဝါအလဲဗင်း အများပိုင်ကုမ္ပဏီအနေဖြင့် မသန်စွမ်းသူများ လွယ်လင့်တကူ လိုက်ပါစီးနင်းနိုင် ရန်အတွက် အထူးစီစဉ်ထားသော YBS ဘတ်စ်ကားများကို မကြာမီပြေးဆွဲပေးတော့မည်ဖြစ်ကြောင်း သိရသည်။

မသန်စွမ်းသူများအတွက် အထူးစီစဉ်ထားသော ဘတ်စ်ကားများတွင် လုံခြုံရေးကင်မရာများ၊ နည်းပညာမြင့် ထိန်းချုပ်ရေးစနစ်များ၊ မီးသတ်ဆေးဘူးများမှ အစ အမှိုက်ပုံးကအဆုံး တပ်ဆင်ပါရှိပြီး ဝှီးချဲများဖြင့်ပါ လိုက်ပါစီး နင်းနိုင်အောင် ယာဉ်ပေါ်သို့ အတက်အဆင်းနည်းပညာစနစ်များနှင့် ဘတ်စ်ကားပေါ်တွင် ဝှီးချဲထိန်းချုပ်စနစ်များ တပ်ဆင်ထားကြောင်း သိရသည်။

“ မသန်စွမ်းတဲ့ပုဂ္ဂိုလ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးသူငယ်တွေ၊ နောက် ကိုယ်အင်္ဂါချို့တဲ့တဲ့ လူ ပုဂ္ဂိုလ်တွေ၊ သူတို့အတွက် ကျွန်တော်တို့က ယာဉ်ပေါ်တွေမှာ ဦးစားပေးခုံတွေကို စီစဉ်ထားပါတယ်။ ထိုင်စီးလို့ လည်းရတယ်။ အကယ်၍ ဝှီးချဲနဲ့ စီးမယ်ဆိုရင်လည်း ထိုင်ခုံတွေကို ခေါက်ပြီး ကပ်ထားလို့ရတယ်။ ပြီးရင် ဝှီးချဲတွေကို  ထိန်းချုပ်စနစ် ဒါမှမဟုတ် သော့ချိတ်တဲ့ ကြိုးတွေနဲ့ ချိတ်ထားပြီး အေးအေးဆေးဆေး စီးလို့ရတယ်”ဟု ပါဝါအလဲဗင်း အများပိုင်ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။

ထိုသို့ မသန်စွမ်းသူများအတွက် အထူးစီစဉ်ထားသော YBS ဘတ်စ်ကားများ ပြေးဆွဲနိုင်ရေးအတွက် ကုမ္ပဏီ အနေဖြင့် အားလုံးအဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း ပြေးဆွဲခွင့်စီမံချက်အား ဇန်နဝါရီလ ၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) သို့ တင်ပြထားကြောင်း၊ YRTA ၏ ခွင့်ပြုချက် ရရှိသည်နှင့်  စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း  ကိုတရုတ်လေးက ဆက်ပြောသည်။

ယာဉ်စီးခများကိုလည်း YRTA မှ သတ်မှတ်ပေးသည့်အတိုင်းကောက်ခံသွားမည်ဖြစ်ပြီး မသန်စွမ်းသူများ (အထူးသဖြင့် မျက်မမြင်များ) ယာဉ်စီးရာတွင် အဆင်ပြေစေရန်အတွက် မသန်စွမ်းသူတို့အနေဖြင့် ကားမှတ်တိုင်တွင် စောင့်ဆိုင်းနေစဉ် ထိန်းချုပ်စင်တာသို့ Massage( မှတ်တိုင်တွင် စောင့်ဆိုင်းနေကြောင်း စာတို) ကို လက်ကိုင်ဖုန်းဖြင့် ပေးပို့ရမည်ဖြစ်ပြီး ထိန်းချုပ်စင်တာမှတဆင့် ယာဉ်မောင်းသူအား တိုက်ရိုက် ညွှန်ကြားသွားမည်ဖြစ်ကြောင်း၊ ယာဉ်မောင်းသူက ယင်း မှတ်တိုင်သို့ ရောက်ရှိပါက မှတ်တိုင်တွင် စောင့်ဆိုင်း နေသော မသန်စွမ်းသူကို စနစ်တကျယာဉ်ပေါ်သို့ တင်ဆောင်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ဒီမှာ ထိန်းချုပ်စင်တာရှိတယ်။ ဒီထိန်းချုပ်စင်တာရဲ့ ဆက်သွယ်ရမယ့် အချက်အလက်တွေကို အွန်းလိုင်း ပေါ်တင်ထားရုံပဲ။ အဲ့ဒီမှာ Viber လိုမျိုး Group Chat (အုပ်စုဖွဲ့စကားပြောနိုင်သည့် ဆော့ဝဲလ်) တစ်ခုခု ရှိမယ်ပေါ့။ အဲ့ဒီ Group ကနေ ဘယ်နှနာရီ၊ ဘယ်နှမိနစ်က၊ ဘယ်မှတ်တိုင်မှာ ကားစောင့်နေပါတယ်။ မြို့ထဲ အသွားဆို အသွား၊ ရြွှေုပည်သာ အပြန်ဆိုအပြန် အဲ့ဒီလိုမျိုး မက်ဆေ့ (စာတို) ပို့ထားဖို့ပဲလိုတယ်”ဟု ကိုတရုတ်လေးက ဆိုသည်။

လက်ရှိပြေးဆွဲမည့် ဘတ်စ်ကားများမှာ တောင်ကိုရီးယားနိုင်ငံမှ ထုတ်လုပ်သည့် ယာဉ်များဖြစ်ပြီး တစ်စီးလျှင် ကျပ်သိန်း ၃ဝဝ မှ ၃၅ဝ ဝန်းကျင်ဖြင့် ဝယ်ယူရကြောင်း၊ ကနဦးအနေဖြင့် ၁ဝ စီးဖြင့်သာ စတင်ပြေးဆွဲမည်ဖြစ် သော်လည်း ခရီးသည်များ၏ တုန့်ပြန်မှုအခြေအနေပေါ်မူတည်၍ အစီးရေ ၅ဝ ခန့်အထိ တိုးချဲ့ပြေးဆွဲနိုင်ရန် စီစဉ်ထားကြောင်းသိရသည်။

ခရီးစဉ်အနေဖြင့်  ရွှေပြည်သာဆေးရုံမှ ဘုရင့်နောင်လမ်းအတိုင်း ထန်းခြောက်ပင်၊ ရွှေပြည်သာကွေ့၊ ရွှေပြည် သာကွေ့မှ ဓညင်းကုန်းလမ်းဆုံ၊ အင်းစိန်ပန်းခြံ၊ သမိုင်း၊ လှည်းတန်း၊ မြေနီကုန်း၊ စံပြသို့ ပြေးဆွဲမည်ဖြစ်ပြီး ဂိတ်ဖျားကိုမူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ချိတ်ဆက်ပြေးဆွဲနိုင်ရန်အတွက် ရည်ရွယ်ထားကြောင်း ပါဝါအလဲဗင်းအများပိုင်ကုမ္ပဏီမှ သိရသည်။
YBS အများပိုင်သယ်ယူပို့ဆောင်ရေးစနစ်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ပြောင်းလဲခဲ့သည် မှာ ၂ နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ မသန်စွမ်းသူများမဟုတ်သည့် ပုံမှန်ခရီးသည်များပင် တိုးဝှေ့စီးနင်းနေရသည့် YBS ယာဉ်လိုင်းအချို့ရှိနေပြီး ရန်ကုန်တိုင်းအစိုးရမှ  မသန်စွမ်းသူများအတွက် YBS သယ်ယူပို့ဆောင်ရေးစနစ်ကို သီးသန့်စီစဉ်ပေးသည့်အနေအထား ယခုအချိန်ထိ မရှိသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly