အီရန်ရဲ့ ၄၃ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အာရှဖလားချန်ပီယံအိပ်မက်ကို ရိုက်ချိုးခဲ့တဲ့ ဂျပန်အသင်း

အီရန်ရဲ့ ၄၃ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အာရှဖလားချန်ပီယံအိပ်မက်ကို ရိုက်ချိုးခဲ့တဲ့ ဂျပန်အသင်း
Photos: EPA

၂၀၁၉ အာရှဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဂျပန်အသင်းဟာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အီရန်အသင်းကို အငြင်းပွားဖွယ်ရာ ပင်နယ်တီဂိုးအပါအဝင် ၃-၀ ဂိုးနဲ့ အနိုင်ယူပြီး အီရန်ရဲ့ ချန်ပီယံအိပ်မက်ကို ရိုက်ချိုးလိုက်ပါတယ်။

ဂျပန်အသင်းဟာ ၅ ကြိမ်မြောက် အာရှဖလားဆွတ်ခူးဖို့ လက်တစ်ကမ်းအကွာကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

အငြင်းပွားဖွယ်ဖြစ်ရပ်တွေကတော့ ဒုတိယပိုင်းမှာ ဂျပန်ကစားသမား မီနာမီနိုလဲကျသွားတာကို ပြစ်ဒဏ်ဘောမဟုတ်ကြောင်း ဒိုင်လူကြီးကို အီရန်ကစားသမားတွေက ကန့်ကွက်ခဲ့ပါတယ်။ ဒီအချိန်မှာ မီနာမီနိုက ပြထပြီး ဂိုးရှေ့ဖြတ်တင်ပေးရာကတစ်ဆင့် အိုဆာကိုက ဂျပန်အသင်းအတွက် အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ 

နောက်ထပ် အငြင်းပွားဖွယ်ရာတစ်ခုက ပင်နယ်တီဧရိယာအတွင်း လဲကျနေတဲ့ အီရန်နောက်ခံလူရဲ့ လက်ကို ဘောလုံးက မတော်တဆ လာထိတာကို VAR စနစ်နဲ့ ပြန်လည်ကြည့်ရှုပြီး ဒိုင်က ပင်နယ်တီအဖြစ် သတ်မှတ်ခဲ့တဲ့ဖြစ်ရပ်ပါ။ ဒီပင်နယ်တီကို အိုဆာကာကပဲ သွင်းယူခဲ့ပါတယ်။

ဂျပန်အတွက် တတိယဂိုးကိုတော့ ပွဲပြီးခါနီးမှာ ကွင်းလယ်ကစားသမား ဟာရာဂူချီက သွင်းယူခဲ့ပါတယ်။

ဒီပွဲစဉ်ဟာ နည်းပြ ကားလို့စ် ကွီရော့ဇ်အတွက် အီရန်အသင်းကို နောက်ဆုံးကိုင်တွယ်တဲ့ ပွဲဖြစ်ပြီး သူဟာ အသင်းကို ၈ နှစ်နီးပါးကြာ ကိုင်တွယ်ခဲ့ပြီးနောက် ထွက်ခွာသွားတာဖြစ်ပါတယ်။

ကားလို့စ် ကွီရော့ဇ်က "ဒီပွဲအကြောင်း ပြောစရာ အများကြီးတော့ မရှိပါဘူး။ ကျနော့်အသင်းရဲ့ အမှားလေးတစ်ချက် မကျူးလွန်ခင်အထိတော့ အသင်းဟာ ကွဲပြားခြားနားတဲ့ ကစားဟန်နဲ့ အတော်လေးဟန်ချက်ညီခဲ့ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဆီမီးဖိုင်နယ်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီအမှားက ကစားသမားအားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာကို ပျက်ပြားစေခဲ့ပါတယ်။"လို့ ပြောဆိုခဲ့ပါတယ်။

အီရန်အသင်းဟာ ဂျပန်အသင်းကို ၃-၀ နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် အာရှဖလား ၄ ကြိမ်မြောက် ချန်ပီယံဖြစ်လာဖို့ ၄၃ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ချန်ပီယံအိပ်မက်ကို စွန့်လွှတ်လိုက်ရပြီဖြစ်ပါတယ်။

"အီရန်အသင်းက ဒီပွဲမတိုင်ခင် ပြိုင်ပွဲမှာ နိုင်ပွဲတွေ ရခဲ့ပြီး အတိတ်မှာလည်း ကြီးကျယ်ခမ်းနားတဲ့ ရလဒ်တွေ ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်းပါ။ ပြိုင်ဘက်အသင်းဟာ ရင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်ဆိုတာ ကျနော်တို့ သိထားပါတယ်။ ဒီပွဲအတွက် ကျနော့်ရဲ့ ကစားသမားတွေဟာ ပြင်ဆင်မှု အလွန်ကောင်းမွန်ခဲ့ပြီး တိုက်ပွဲဝင်ဖို့ ပြင်းထန်တဲ့ စိတ်ဓာတ်ကိုလည်း ပြသခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ ပြီးတော့ သူတို့ဟာ စိန်ခေါ်သူတွေဆိုတာ မေ့ပစ်မထားခဲ့ပါဘူး။ ဒါက ကျနော်တို့ကို  ဒီနေ့ နိုင်ပွဲအတွက် ဦးဆောင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။"လို့ ဂျပန်နည်းပြ မိုရီယာဆူးက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

ဂျပန်အသင်းဟာ အာရှဖလား ဗိုလ်လုပွဲကို ငါးကြိမ်မြောက်တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲရောက်တိုင်း ရှုံးပွဲမရှိသေးတဲ့ အသင်းလည်းဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly