ကျပ်သိန်း ၁ သောင်းဖြင့် အာမခံပေးနိုင်မည့်သူကို ဒေါ်နန္ဒမာလာ မတင်ပြနိုင်

ကျပ်သိန်း ၁ သောင်းဖြင့် အာမခံပေးနိုင်မည့်သူကို ဒေါ်နန္ဒမာလာ မတင်ပြနိုင်
 ဓာတ်ပုံ - ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဇန်နဝါရီလ ၂၈ ။          ။ အကြားအမြင်ရ ဗေဒင်ဟောသည့်နည်းလမ်းများအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် ကျပ်သိန်းပေါင်း သောင်းချီ လိမ်လည်ထားသည်ဟု စွပ်စွဲခံနေရသူ ဒေါ်နန္ဒမာလာအား လှိုင်မြို့နယ်တရားရုံးက ကျပ်သိန်း ၁ သောင်း ခံဝန် သူနှစ်ဦးဖြင့် အချုပ်လွတ် အာမခံပေးထားသော်လည်း လက်ရှိအချိန်အထိ အာမခံပေးမည့်သူများကို တရား ရုံးသို့ တင်ပြနိုင်ခြင်းမရှိသေးသဖြင့် ဒေါ်နန္ဒမာလာမှာ အချုပ်ဖြင့် တရားရင်ဆိုင်နေရဆဲဖြစ်သည်။

ဒေါ်နန္ဒမာလာကို ဇန်နဝါရီလ ၂၈ ရက်နေ့၊ ရန်ကုန်မြို့၊ လှိုင်မြို့နယ်တရားရုံးတွင် ကျပ်သိန်း ၂၆ဝဝ လိမ်လည် မှုဖြင့် စွဲဆိုထားသော အမှုအတွက် ၂ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး ရုံးချိန်းတွင် အမှုကိုစတင်စစ်ဆေးရန်ဖြစ် သော်လည်း ဒေါ်နန္ဒမာလာအား တရားရုံးအချုပ်ခန်းအတွင်း ခေတ္တထားရှိစဉ် အတက်ရောဂါဖြစ်ပေါ်ခဲ့သဖြင့် ဆရာဝန်ခေါ်ဆောင်ပြသခဲ့ရသည်။

လှိုင်မြို့နယ်တရားသူကြီးက ဒေါ်နန္ဒမာလာနှင့် ဦးနေဝင်းနိုင်တို့ကို  ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့က ကျပ်သိန်း ၁ သောင်း  ခံဝန်သူနှစ်ဦးဖြင့် အာမခံပေးခဲ့သော်လည်း ယင်းရုံးချိန်းတွင် ၎င်းတို့ဘက်မှ အာမခံ ပေးနိုင်မည့်သူများကို တရားရုံးသို့ တင်ပြနိုင်ခြင်းမရှိခဲ့သဖြင့် ဇန်နဝါရီလ ၂၈ ရက်နေ့သို့ ချိန်းဆိုခဲ့ပြီး ယခုရုံးချိန်းတွင်လည်း အလားတူ တင်ပြနိုင်ခြင်းမရှိသဖြင့် ထပ်မံပြီး လာမည့် ဖေဖော်ဝါရီလ ၅ ရက်နေ့အား ပြန်လည်ချိန်းဆိုလိုက်သည်။

“ အမခံ ငွေအမောက်က များလွန်းအားကြီးတော့ ဖြေရှင်းရတာခက်နေတယ်။ အာမခံက (ကျပ်သိန်း) ၅ဝဝဝ တန်ကြီးဆိုတော့ အဆင်မပြေဘူးလေကွယ်။ (ကျပ်သိန်း) ၅ဝဝဝ နှစ်မှုကြီးဆိုတော့ အဆင်မပြေဘူး”ဟု ဒေါ်နန္ဒမာလာက တရားခွင်ကအထွက် ရဲအချုပ်ကားပေါ်အတက်တွင် ပြောဆိုသွားခဲ့သည်။

ဒေါ်နန္ဒမာလာမှာ ဖမ်းဆီးခံရပြီးနောက်ပိုင်း တရားရုံးများ၌ အမှုရင်ဆိုင်စဉ်ကာလတစ်လျှောက်လုံး ယောဂီဝတ်ဖြင့်သာ တရားရင်ဆိုင်ခဲ့သည်ကို တွေ့ရသည်။

ဒေါ်နန္ဒမာလာနှင့် ဦးနေဝင်းနိုင်တို့နှစ်ဦးကို တရားလိုဖြစ်သူ ဦးနေမျိုးနိုင်က ကျပ်သိန်း ၂၆ဝဝ လိမ်လည်မှုဖြင့် လှိုင်မြို့နယ်တရားရုံးတွင် ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်၊ မတ်လ၊ ၁၆ ရက်နေ့က တရားရုံး ဦးတိုက်လျှောက်ကာ တရားစွဲ ခဲ့ခြင်းဖြစ်ပြီး ၁ဝ လနီးပါးကြာမှ ယင်းအမှုအား ရုံးတင်စစ်ဆေးနိုင်ခဲ့ခြင်းဖြစ်သည်။

 ဒေါ်နန္ဒမာလာက ကျပ်သိန်း ၂၆ဝဝ အား စက်သုံးဆီလုပ်ငန်းနှင့်ပတ်သက်ပြီး ဦးပိုင်ကုမ္ပဏီမှ မိမိထည့် ဝင်ငွေ၏ အစုချေးငွေ ၃ ဆရမည်ဟုဆိုကာ လိမ်လည်သွားခြင်းဖြစ်ပြီး နောက်တစ်ခုမှာ ရွှေကိန္နရီ ခရီးသွား လုပ်ငန်း လည်ပတ်နိုင်ရန် ခရီးသည်ရရှိရေးဆောင်ရွက်ပေးမည်ဟုဆိုကာ လိမ်လည်သွား ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့၊ လှိုင်မြို့နယ်တရားရုံးတွင် တရားစွဲထားသူ ဦးနေမျိုးနိုင်က ပြောပြချက်အရသိရသည်။

“ ကျွန်တော်တို့က တရားစွဲခဲ့ပြီးပြီ။ နောက်ထပ်စွဲတဲ့ဟာလည်း ၅ မှုလောက်ရှိတယ်။ မင်္ဂလာဒုံမှာ ထပ်ပြီးတော့ (ပ) နံပါတ်တွေနဲ့ပေါ့လေ။ အဲ့ဒီလိုပဲ ကျွန်တော်တို့ရှေ့မှာ ဒေါ်နန္ဒမာလာရဲ့ လိမ်ညာမှုကို ခံရတဲ့သူတွေကျတော့ သူတို့ရဲ့သိက္ခာတွေ ထောက်ပြီးတော့မှ အမှုမဖွင့်ခဲ့ကြဘူး။ သူတို့တွေ အမှုမဖွင့်ခဲ့ကြတော့ ကျွန်တော်တို့လည်း ယုံကြည်ပြီးတော့မှ သွားပြီး ဆက်ဆံမိတယ်။ ဆက်ဆံမိတော့ ကျွန်တော်တို့ ထပ်အလိမ်ခံရတယ်။ ကျွန်တော် တို့ရှေ့က သူတွေသာ အမှုဖွင့်ခဲ့ရင် ကျွန်တော်တို့ အလိမ်ခံရစရာအကြောင်းမရှိဘူး။ အခု ကျွန်တော်တို့က အရှက်ကွဲခံ၊ သိက္ခာအကျခံပြီးတော့မှ အမှုဖွင့်ခဲ့တဲ့အတွက် နောက်လူတွေ အလိမ်မခံရတော့ဘူး” ဟု တရားလို ဦးနေမျိုးနိုင်က ပြောသည်။

ဒေါ်နန္ဒမာလာကို ကျပ်သိန်း ၁ဝ၅ဝ လိမ်လည်မှုဖြင့် မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် မသန္တာဦးက တရားလို လုပ်ပြီး စွဲဆိုထားသောအမှုအတွက်လည်း တရားသူကြီးက ကျပ်သိန်း ၁ သောင်း ခံဝန်သူနှစ်ဦးဖြင့် အချုပ် လွတ်အာမခံပေးထားသော်လည်း အလားတူ ဒေါ်နန္ဒမာလာဘက်မှ အာမခံပေးမည့်သူများကို တရားရုံးသို့ တင်ပြနိုင်ခြင်းမရှိသေးပေ။

 တရားရုံးမှ အာမခံပေးသည့်နေ့ ဇန်နဝါရီလ ၂၄ ရက်နေ့က ဒေါ်နန္ဒမာလာဘက်က အာမခံပေးမည့် ခံဝန်သူ တစ်ဦးအား တင်ပြခဲ့သော် ကျန်တစ်ဦးကို တင်ပြနိုင်ခြင်းမရှိသေးသည့်အတွက် အဆိုပါ အမှုအတွက်ကို တရားရုံးမှ လာမည့် ဖေဖော်ဝါရီလ ၅ ရက်နေ့ကိုပင် ပြန်လည်ချိန်းဆိုထားခြင်းဖြစ်သည်။

ထို့ပြင် ဒေါ်နန္ဒမာလာမှာ ကျပ်သိန်း ၆ဝဝဝ လိမ်လည်မှုဖြင့် ဒေါ်နေဇင်မြင့်ဆိုသူ အမျိုးသမီးက မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တရားရုံးတွင် ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်က တရားရုံးဦးတိုက်လျှောက်တရားစွဲထားသဖြင့် ထိုတွင်လည်း အမှုရင်ဆိုင်နေရပြီး အချုပ်လွတ်အာမခံရရှိထားသည်။

 ဒေါ်နန္ဒမာလာသည် ၂ဝ၁၃ ခုနှစ်အတွင်း ငွေကြေးလိမ်လည်မှုဖြင့် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် တရား ရုံးတွင် အမှုရင်ဆိုင်ခဲ့ရပြီး တရားရုံးသို့ လာရောက်ရန်ပျက်ကွက်မှုများကြောင့်  ၂ဝ၁၅ ခုနှစ်တွင် ဖမ်းဝရမ်း အထုတ်ခံရကာ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်၊ ညနေ ၆ နာရီခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် (၂၈၄)တွင် ဒေါ်နန္ဒမာလာအား ၎င်းစီးနင်းလာသည့် ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့နောက် အမှတ်(၃) မှုခင်း ရဲတပ်ဖွဲ့ခွဲရုံး၌ လူဝတ်လဲကာ ထိန်းသိမ်းထားခဲ့ပြီး ဇန်နဝါရီလ ၃ ရက်နေ့တွင် CID က မဟာအောင်မြေမြို့နယ်တရားရုံးသို့ပို့ဆောင်ခဲ့ကာ ဒေါ်နန္ဒမာလာ၏ အာမခံလျှောက်ထားခဲ့သောကြောင့် မြို့နယ်တရားသူကြီးက အာမခံပေးခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly